ရှမ်းပြည်နယ်မြောက်ပိုင်း လားရှိုး-မူဆယ်လမ်း ရှိ ကွတ်ခိုင်မြို့နယ် နမ့်ဖလွန်းရွာ အနီးတွင် ကချင်လွတ်လပ်ရေးတပ်မတော်(KIA)နှင့် စစ်ကောင်စီတပ်တို့ ယနေ့တိုက်ပွဲဖြစ်ပွားခဲ့ ကြောင်း ဒေသခံတစ်ဦးက ပြောသည်။
“ဒီနေ့မနက်ပိုင်းဖြစ်တာ စောစောကပဲနားသွားတာ။ နမ့်ဖလွန်းဘက်လို့ ပြောတယ်။မနေ့ကတော့ နမ့်ဖက်ကာနဲ့ မူဆယ်အကြား နမ့်အွန်ရွာ အထွက်ကနေရာ။ ဒီနေ့က နမ့်ဖလွန်းဘက်က ကွတ်ခိုင်နဲ့ နမ့်ဖက်ကာ ကြားပေါ့”ဟု ၎င်းက ဆိုသည်။
ယမန်နေ့က နမ့်အွန်ရွာအထွက်တွင် ကိုးကန့်တပ်ဖွဲ့(MNDAA)နှင့် စစ်ကောင်စီ တပ်အကြား တိုက်ပွဲဖြစ်ပွားခဲ့သည်ဟုသိရကြောင်း ဒေသခံက ပြောသည်။
ယမန်နေ့တိုက်ပွဲတွင်လည်း စစ်ကောင်စီတပ်က လက်နက်ကြီးများဖြင့် ဆက်တိုက်ပစ်ခတ် ခဲ့သည်ကို ကြားရကြောင်း ၎င်းက ဆိုသည်။
ကချင်သတင်းဌာန KNG၏ တိုက်ပွဲသတင်းဖော်ပြထားရာ ကွတ်ခိုင်မြို့ အထက် ၃မိုင်အကွာ ဖာခတ်ကျေးရွာနှင့် နမ့်ဖလွန်းရွာအကြားတွင် နမ့်ဖက်ကာမှ ဆင်းလာသည့် အင်အား ၂၀၀ခန့် ပါစစ်ကြောင်း နှင့် KIA တို့ တိုက်ပွဲဖြစ်ပွား ခဲ့သည်ဟုဆိုသည်။
အဆိုပါဒေသတိုက်ပွဲများ၌ နှစ်ဖက် ကျဆုံးထိခိုက်အခြေအနေများကိုမူ မသိရသေးပေ။
