နိုင်ငံရေးသမားများ ကြိုးပေးအသတ်ခံရ၍ လက်တုံ့ပြန်ခြင်းဟု YRG ပြော
မကွေးတိုင်း၊ ရေစကြိုမြို့နယ်တွင် အကြမ်းဖက်စစ်ကောင်စီတပ်၏ စစ်ဆေးရေး ဂိတ်အား ဆိုင်ကယ်တွင်မိုင်းတပ်ခွဲကာတိုက်ခိုက်ရာ သုံးဦးသေဆုံးကြောင်း Yesagyo Revolution Group – YRGအဖွဲ့က သတင်းထုတ်ပြန်သည်။
ယနေ့ (ဇူလိုင် ၂၇ရက်) မွန်းလွဲ ၂နာရီခန့်က ရေစကြိုမြို့နယ်၊ ကျောက်လှေခါး ရွာအနီးရှိ GTC နည်းပညာကျောင်းတွင် တပ်စွဲနေသော စစ်ကောင်စီတပ်အား ဆိုင်ကယ်မိုင်းဖြင့် ဖောက်ခွဲ တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။
Yesagyo Revolution Group – YRG အဖွဲ့သည် အကြမ်းဖက်စစ်ကောင်စီ တပ် စစ်ဆေးရေး လုပ်နေသော GTCကျောင်းဂိတ်အနီး ကိုက်(၁၀၀)ခန့် အကွာခန့်တွင် မိုင်းတပ်ဆင်ထားသည့် ဆိုင်ကယ်ကို ရပ်ထားခဲ့သည်။
ထို့နောက် ၃၅မိနစ်ခန့်အကြာတွင် အကြမ်းဖက်စစ်သားတစ်ဦးသည် ဆိုင်ကယ်ကို ဂိတ်ထဲသို့ တွန်းသွားပြီး ဆိုင်ကယ်တူးဘောက်ကို လှပ်ခဲ့ခြင်း ကြောင့် ပေါက်ကွဲသွားခြင်းဖြစ်ကြောင်း Yesagyo Revolution Group – YRGအဖွဲ့၏ ထုတ်ပြန်ချက်တွင် ဖော်ပြသည်။


အဆိုပါမိုင်းသည် ဆိုင်ကယ်တူးဘောက်လှပ်လိုက်သည့်နှင့်ထကွဲအောင် စီစဥ်ထားသော မိုင်ဖြစ်ပြီး တူးဘောက်လှပ်သော စစ်ကောင်စီသားတစ်ဦး ပွဲချင်းပြီး သေဆုံးကြောင်း၊ ထိခိုက်ဒဏ်ရာရသူ ငါး ဦးအား ဆေးရုံပို့ပြီး နှစ်ဦးထပ်မံသေဆုံးကြောင်း YRG က အသိပေးသည်။
စစ်ကောင်စီတပ်သားအချို့ မျက်စိထိခိုက်ပြီး လမ်းပေါ်ဖြတ်သွားသည့် Express ခရီးသည်ယာဥ်ကိုလည်း မိုင်းစအနည်းငယ် ထိမှန်သွားကြောင်း၊ ထိုကားထိခိုက်မှုအတွက် တောင်းပန်သည်ဟု YRG က ပြောသည်။
ထိုကြောင့် ကြိုးမိန့်ပေးခံရသော ကိုဂျင်မီ၊ ကိုဖြိုးဇေယျာသော်၊ ကိုလှမျိုးအောင်၊ ကိုအောင်သူရဇော် တို့နှင့် ကျဆုံးသွားသော ရဲဘော်များအားလုံးအတွက် သွေးကြွေးအဖြစ် တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း YRGက အသိပေးသည်။
ဖြစ်စဥ်နှင့်ပတ်သက်၍ Yesagyo Revolution Group – YRG အဖွဲ့၏ ဖောက်ခွဲရေးတာဝန်ခံ ကို Zeroက “ရေစကြို နယ်မှာ ဒီလိုဆိုင်ကယ်မိုင်းခွဲတာ မရှိသေးဘူးဗျ။ မြိုင်နယ်မှာရှိဖူးတယ်။ နောက်ပြီး တွန်းသွားတယ်ဆိုတာက လည်း သူတို့ဂိတ်နဲ့ ကိုက်တစ်ရာပဲဝေးတာဗျ။ အဲဒါကြောင့် သူတို့မြင်ပြီး တွန်းသွားတာ။ အသံကတော့ ဆယ်မိုင်ပတ်လည်ကကို ကြားရတယ်။ ယမ်းအစို ၁၅ ထောင့်ထည့်ထားတာ။”ဟု ပြောသည်။
သို့သော် စစ်ကောင်စီတပ်သားများ၏ သေဆုံးထိခိုက်မှုအခြေအနေနှင့် ပတ်သက်၍ People’s Springက ထပ်မံအတည်ပြုနိုင်ခြင်း မရှိသေးပေ။
အဆိုပါစစ်ဆင်ရေးအား Yesagyo Revolution Group – YRGအဖွဲ့နှင့်အတူ Urban Underground Revolution Force -UURF / Shwe Nyar Myae – PDFနှင့် Zarmani Blood Guerilla Army – Myaing အဖွဲ့များက ပူးပေါင်းဆောင်ရွက်ခဲ့ကြသည်။
ထို့အပြင် လက်နက်ခဲယမ်းဝယ်ယူရန်အတွက် တတ်နိုင်သလောက်ကူညီလှူဒါန်း ပေးရန် YRGက မေတ္တာရပ်ခံထားသည်။
(ဆိုင်ကယ်အား မိုင်းဆင်ထားသည်ကို မဖောက်ခွဲမီ ကြိုတင်ရိုက်ကူးထားစဥ်။ဓာတ်ပုံ-YRG)
