မြ၀တီ – ဝေါ်လေလမ်း၌ စစ်ကောင်စီဘက်က ယမန်နေ့ နေ့လည်ပိုင်းတွင် နယ်မြေရှင်းလင်းရေး လုပ်ဆောင်လာစဉ် မိုင်းဆွဲတိုက်ခိုက်ခဲ့ကြောင်း VENOM Commando စစ်ကြောင်းက သတင်းထုတ်ပြန်သည်။
ဇူလိုင် ၂၇ရက် နေ့လည် ၁၂နာရီခန့်က စစ်ကောင်စီတပ်ကို တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်ခွဲမှူး ၁ဦးနှင့် တပ်သားတစ်ဦးသေဆုံးခဲ့ပြီး ထိခိုက်ဒဏ်ရာရသူအချို့ရှိခဲ့ကြောင်း ဖော်ပြထားသည်။ အဆိုပါ တိုက်ခိုက်မှုအတွင်း VENOM စစ်ကြောင်းမှ ရဲဘော်များ ထိခိုက်ကျဆုံးမှုမရှိဟု ထုတ်ပြန်သည်။
ယခု တိုက်ပွဲဖြစ်ပွားရာ မြ၀တီ-ဝေါ်လေလမ်း၌ ကရင်အမျိုးသားအစည်းအရုံး(KNU) ဦးဆောင်ဖွဲ့စည်းထားသည့် ကော်ဘရာစစ်ကြောင်းနှင့် စစ်ကောင်စီတပ်များ အကြားလည်း မကြာခဏ တိုက်ပွဲဖြစ်ပွားလျက်ရှိသည်။
အဆိုပါနယ်မြေသည် ကရင်အမျိုးသားအစည်းအရုံး(KNU) တပ်မဟာ(၆)နယ်မြေဖြစ်သည်။ ယခု VENOM စစ်ကြောင်းသည် ဗိုလ်မှူးချုပ်စောနယ်ဒါးမြ ဖွဲ့စည်းကြောင်း ကြေညာခဲ့သည့် ကော်သူးလေတပ်မတော် အဖွဲ့ဝင် စစ်ကြောင်းတစ်ခုဖြစ်သည်။ ဗိုလ်မှူးချုပ်စောနယ်ဒါးမြသည် KNU၏ ကရင်အမျိုးသားကာကွယ်ရေးတပ်(KNDO)စစ်ဦးစီးချုပ်အဖြစ်မှ ရပ်စဲခံရပြီးနောက် ကော်သူး လေတပ်မတော်ကို ဖွဲ့စည်းကြောင်းကြေညာခဲ့သည်။ ယင်းသို့ ဖွဲ့စည်းမှုကို KNUနှင့် ကရင်အမျိုး သားလွတ်မြောက်ရေးတပ်မတော် (KNLA) တို့က လက်ခံခြင်းမပြုဘဲ အဖွဲ့မှ ထုတ်ပယ်ခဲ့သည်။
လက်ရှိတွင် KNU ၏ နိုင်ငံရေးဦးဆောင်မှုအောက်တွင် KNLA တပ်မဟာခုနစ်ခုရှိပြီး ယင်းတပ်မဟာ တိုင်း၌ KNDO တပ်ရင်းတစ်ရင်းစီပါဝင်ဖွဲ့စည်းထားသည်။
