စစ်ကိုင်းတိုင်း၊ စစ်ကိုင်း၊ မြင်းမူ၊ ဝက်လက်မြို့နယ်များတွင် စစ်ကောင်စီတပ်က တိုက်ပွဲမဖြစ်ဘဲရဟတ်ယာဥ်ဖြင့်လာရောက်ပစ်ခတ်နေကြောင်း ဒေသတွင်းသတင်းရင်းမြစ်များက ပြောသည်။
ယနေ့(ဇူလိုင်လ၂၇ရက်) နံနက်ပိုင်းက အကြမ်းဖက်စစ်တပ်သည်စစ်ကိုင်းမြို့နယ်၊ တလိုင်းရွာနှင့်မူးသာရွာတို့တွင်ရဟတ်ယာဥ်ဖြင့်ပစ်ခတ်ကာ တပ်သားများချခဲ့သည်ဟု ဒေသခံတို့က ပြောသည်။
ဆက်လက်ပြီး မူးသာရွာမှထွက်ခွာလာသော အကြမ်းဖက်စစ်တပ်၏ ရဟတ်ယာဥ်သည် ဝက်လက်မြို့နယ်၊ကျီးကန်ရွာနှင့် လှတောရွာကြားတွင် စက်သေနတ်ကြီး ၅ချက်ခန့် ပစ်ခတ်သွားကြောင်း ဒေသခံများက ပြောသည်။
အလားတူ မြင်းမူမြို့နယ်တွင်လည်း ယနေ့နံနက် ၉နာရီ ၄၀ မိနစ်ခန့်က မူးမန္တလေးရွာ၊ ကျောက်ဖျာရွာ၊ အင်းမရွာတို့ကို အကြမ်းဖက်စစ်တပ်က ရဟတ်၃စီးဖြင့် ပစ်ခတ် ဗုံးကြဲမှုများ ပြုလုပ်သွားကြောင်းနယ်ခံများကပြောသည်။
ရဟတ်ယာဉ် ၃ စီးဝဲပျံခဲ့ကာ ကံတော်ရွာနှင့် စပါးကျင်းရွာကြား၌ အကြမ်းဖက်စစ်ကောင်စီတပ်သားများချသွားခဲ့သည်ဟုဆိုသည်။
အကြမ်းဖက်စစ်တပ်၏ ပစ်ခတ်မှုကြောင့် နယ်ခံများ ထွက်ပြေးတိမ်းရှောင်နေရပြီး ထိခိုက်မှုအခြေအနေမသိရသေးဟု ဒေသခံတို့ကပြောသည်။
