မကွေးတိုင်း၊ မြိုင်မြို့နယ်မြောက်ပိုင်းရှိ ကျောက်ကန်ကျေးရွာတွင် အကြမ်းဖက် စစ်ကောင်စီတပ်က ဒေသခံပြည်သူတစ်ဦးအား သတ်ဖြတ်မီးရှို့ပြီး နေအိမ်အဆောက်အဦး ၁၀၀ကျော်ကိုလည်း မီးရှို့ဖျက်ဆီးသွားကြောင်း ဒေသတွင်းသတင်းရင်းမြစ်များက ပြောသည်။
အကြမ်းဖက်စစ်ကောင်စီတပ်သည် ဇူလိုင် ၂၃ရက်က ကျောက်ကန်ကျေးရွာရှိ လူနေအိမ်နှင့် အဆောက်အဦး စုစုပေါင်း ၁၀၀ကျော် မီးရှို့ဖျက်ဆီးခဲ့ပြီး ကား ၊ ဆိုင်ကယ် ၊ လှည်းစသည့် အဖိုးတန်ပစ္စည်း အများအပြားပါ မီးလောင်ပျက်စီးခဲ့ရကြောင်း နွေဦးတော်လှန်ရေး-မြိုင်က ထုတ်ပြန်သည်။


ထို့ပြင် ကျောက်ကန်ကျေးရွာမှ အပြစ်မဲ့ပြည်သူတစ်ဦးကိုလည်း အကြမ်းဖက်စစ်အုပ်စုက သတ်ဖြတ်ကာ အလောင်းကို မီးရှို့ဖျက်ဆီးခဲ့ကြောင်း နွေဦးတော်လှန်ရေး-မြိုင်က အသိပေးသည်။
“ရွာအနောက်ဘက်က ဆီဆိုင်ကိုမီးရှို့တယ်။ ပြီးတော့အိမ်တွေကိုလည်း ရှို့သွားတာ။ ဘာလို့ရှို့တာ မှန်းကိုမသိတာ။”ဟု ဒေသခံတစ်ဦးက ပြောသည်။
ကျောက်ကန်ကျေးရွာအပြင် ကျောင်းရပ် ၊ ကျောက်တောင် ၊ သီတင်းပင် ၊ ဘန့်ဘိုးစသည့် ကျေးရွာများကိုလည်း စစ်အုပ်စုက ဝင်ရောက်မွှေနှောက် ဖျက်ဆီးခဲ့သည်။


စစ်ကောင်စီတပ်၏ ဘေးရန်ကြောင့် ကျေးရွာ၇ ရွာထက်မနည်း ထွက်ပြေး တိမ်းရှောင်နေရကြောင်း ဒေသခံများက ပြောသည်။
ထို့အပြင် သီတင်းပင်ကျေးရွာကိုလည်း လက်နက်ကြီးဖြင့် ပစ်ခတ်ဝင်ရောက်၍ ဒေသခံပြည်သူတစ်ဦး ကျည်ထိမှန်ခဲ့သည်။

ဇူလိုင်၂၄ရက်ကလည်း မြိုင်နယ်မြောက်ပိုင်း ဓမ္မသာရရွာသို့ စစ်ကောင်စီတပ်က အင်အား အလုံးအရင်းဖြင့် ဝင်ရောက်မွှေနှောက်ခဲ့ပြီး မီးရှို့ဖျက်ဆီးခဲ့ရာ နေအိမ်၇လုံး ပျက်စီးဆုံးရှုံးခဲ့ကြောင်း၊ ဓမ္မသာရရွာအနောက်ဘက် ဘန့်ဘိုးရွာ တွင်လည်း စစ်ကြောင်းတစ်ခု ဝင်ရောက်မွှေနှောက်ကာ နေအိမ်များကို ဖျက်ဆီးသွားကြောင်း ဒေသခံများက ပြောသည်။
ဇူလိုင်၂၃ရက် နေ့လည် ၂နာရီခွဲခန့်က ကျောက်ကန်ကျေးရွာကို မီးရှို့ဖျက်ဆီးပြီး ထွက်လာသော စစ်ကောင်စီတပ်အား ကျားသစ်နက်ပြောက်ကျားတပ်ဖွဲ့ နှင့်တပ်ပေါင်းစု မဟာမိတ်တပ်များက ခြုံခိုတိုက်ခိုက်ခဲ့ကြသေးသည်။
