မန္တလေးမြို့တွင်း နေရာအနှံ့အပြားမှာ စစ်အုပ်စုက အင်အားအများအပြားနဲ့ နေ့ရောညပါ စစ်ဆေးဖမ်းဆီးတာတွေကို ဒီရက်ပိုင်းမှာ ခပ်စိတ်စိတ်ပြုလုပ်လာပါတယ်။
မနေ့က ဇူလိုင်လ ၂၅ရက် ည၇နာရီလောက်ကစတင်ပြီး မြို့တွင်းက လမ်းမကြီးတွေမှာ ကား၊ ဆိုင်ကယ်တွေတားဆီးစစ်ဆေးတာ ၊ ဖုန်းတွေကိုပါ မွှေနှောက်စစ်ဆေးတာတွေရှိခဲ့တယ်လို့ဒေသခံအချို့ဆီကသိရပါတယ်။
“မနေ့က ညနေပိုင်းကစပြီး မြို့ထဲကော မြို့ပြင်ကော စစ်နေတာ၊ဖုန်းတွေကောစစ်တယ်လို့ပြောတယ်။ စစ်ရင်းနဲ့ မသင်္ကာလို့ဆိုပြီး ဖမ်းသွားတဲ့သူတွေလည်းရှိတယ်”လို့ မန္တလေးမြို့ခံတစ်ဦးကပြောပါတယ်။
ဒီလိုစစ်ဆေးမှုတွေမှာ တပါတည်းဖမ်းဆီးတာတွေရှိခဲ့တယ်လို့သိရပြီး ဖမ်းဆီးခံရတဲ့ အရေအတွက်ကိုတော့ အတည်မပြုနိုင်သေးပါဘူး။
ဒီနေ့မှာဆိုရင်လည်း စစ်အုပ်စုဟာ မနက်အစောပိုင်းကစတင်ပြီး စစ်ဆေးနေပါတယ်။ ဒီနေ့မှာတော့ တစ်နေရာတည်းမှာ အထိုင်ချပြီး စစ်ဆေးတာမျိုးမဟုတ်ဘဲ ရွှေ့လျားပုံစံမျိုးနဲ့ စစ်ဆေးတာကိုတွေ့ရတယ်လို့ဒေသခံအချို့ကဆိုပါတယ်။
ဓာတ်ပုံ − AP
