ဂျပန်နိုင်ငံ တိုကျိုမြို့ရှိ ကုလသမဂ္ဂအဖွဲ့အစည်း(UN) ရုံးရှေ့တွင် ဂျပန်ရောက် မြန်မာနိုင်ငံသား များက ကိုဂျင်မီ၊ ကိုဇေယျာသော်၊ ကိုလှမျိုးအောင်၊ ကိုအောင်သူရဇော်တို့အား အကြမ်းဖက် စစ်ကောင်စီက မတရားသဖြင့် သေဒဏ်ပေး သတ်ဖြတ်ခဲ့မှုအပေါ် အရေးယူပေးရန် ယနေ့ (ဇူလိုင် ၂၆) တောင်းဆိုဆန္ဒပြခဲ့ကြသည်။
ယင်းဆန္ဒပြပွဲကို ဂျပန်နိုင်ငံရောက် မြန်မာနိုင်ငံသား ၂၀၀ ကျော် ပူးပေါင်း ပါဝင်ခဲ့ကြပြီး UN မှတာဝန်ရှိသူများထံသို့ မြန်မာပြည်သူများ၏ သဘောထား ဆန္ဒ အိတ်ဖွင့်ပေးစာ ပေးပို့ခဲ့သည်။




အဆိုပါ အိတ်ဖွင့်ပေးစာတွင် နိုင်ငံရေးအကျဉ်းသားတွေကို မတရားသဖြင့် သေဒဏ်ချမှတ်ခြင်းအပေါ် အရေးယူပေးရန်၊ အပြည်ပြည်ဆိုင်ရာ လူ့အခွင့် အရေး ကြေညာစာတမ်းကို ပြောင်ပြောင်တင်းတင်း ချိုးဖောက်ခြင်းကို အရေးယူရန်၊ နိုင်ငံရေး အကျဉ်းသားများ အပေါ် ဖိနှိပ်ချုပ်ချယ်မှုများကို ချက်ချင်း အရေးယူ ဆောင်ရွက်ပေးရန်၊ UN အပါအဝင်နိုင်ငံတကာအဖွဲ့ အစည်းများအနေဖြင့် မြန်မာနိုင်ငံတွင် ဖြစ်ပေါ်နေသည့် လူ့အခွင့်ရေးချိုးဖောက်ခံနေရသည့် ကိစ္စများကို လျစ်လျူရှု မျက်ကွယ်မပြုရန် စသည့် အချက်များကို ရေးသားတောင်းဆိုခဲ့သည်။
