ကိုဂျင်မီ နဲ့ကိုဇေယျာသော်တို့ကို အာဏာသိမ်းစစ်ကောင်စီက သေဒဏ်စီရင်လိုက်တဲ့သတင်းကို ဒီနေ့ ရုံးချိန်မှာ ကြားသိလိုက်ရတဲ့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ဟာ စိတ်ထိခိုက်သွားတယ်လို့ တရားရုံးနဲ့နီးစပ်တဲ့အသိုင်းအဝိုင်းကပြောပြပါတယ်။
ဒီနေ့ နေပြည်တော်ထောင်တွင်း တရားရုံးမှာ ဒေါ်အောင်ဆန်းစုကြည် ကို အဂတိပုဒ်မနဲ့ စွဲဆိုတဲ့ အမှုအတွက် ရုံးထုတ်ခဲ့ပြီး ရုံးချိန်မစတင်မီ ရှေ့နေ့တွေနဲ့ တွေ့ဆုံချိန်မှာ သတင်းကို သိရှိသွားတာလို့ သိရပါတယ်။

ဒါပေမယ့်ဒေါ်အောင်ဆန်းစုကြည်ဟာ တစ်စုံတစ်ရာ ပြောမသွားခဲ့ဘူးလို့ တရားရုံးနဲ့ နီးစပ်တဲ့အသိုင်းအဝိုင်းက ဆိုပါတယ်။
စစ်ကောင်စီက ကွပ်မျက်လိုက်တဲ့ ၈၈မျိုးဆက်ကျောင်းသားခေါင်းဆောင် ကိုဂျင်မီနဲ့ NLD လွှတ်တော်ကိုယ်စားလှယ်ဟောင်း ကိုဇေယျာသော်တို့ဟာ ဒေါ်အောင်ဆန်းစုကြည်နဲ့ ရင်းနှီးတဲ့ဆက်ဆံရေးရှိသူတွေဖြစ်ပါတယ်။
