●စစ်တပ်ကပစ်သော လက်နက်ကြီးကျည်ထိ၍ ၃ နှစ်အရွယ်ကလေးငယ်အပြင်းအထန်ဒဏ်ရာရ
ကွတ်ခိုင်မြို့နယ်၊ လွိုင်ဆမ်ဆစ်တောင်ခြေအနီးဝန်းကျင်တွင်ကေအိုင်အေနှင့် စစ်ကောင်စီတပ် ယနေ့ နံနက်ပိုင်းတွင် တိုက်ပွဲအပြင်းအထန်ဖြစ်ပွားခဲ့ကြောင်းဒေသခံများကပြောသည်။
လွိုင်ဆမ်ဆစ်တောင်ခြေအနီးတွင် ယနေ့(ဇူလိုင် ၂၅ရက်) နံနက် ငါးနာရီခန့်ကစ၍ တိုက်ပွဲပြင်းထန်ခဲ့ခြင်းဖြစ်သည်။
တိုက်ပွဲသည် ကချင်လွတ်မြောက်ရေးတပ်မတော်(KIA)တပ်ရင်း(၃၉) နှင့် စစ်ကောင်စီတပ်တို့ ဖြစ်ပွားနေခြင်းဟုဒေသခံများကပြောသည်။ တိုက်ပွဲတွင် နှစ်ဖက်ထိ့ခိုက်သေဆုံးမှုအခြေအနေကိုမူမသိရသေးပေ။
“စစ်ကောင်စီ အမြောက်ကုန်းကနေ လက်နက်ကြီးနဲ့ဆက်တိုက်ပစ်နေတာ။ မန်နောင်ဒေသခံတွေလည်း ပြေးနေရပြီ”ဟု ဒေသခံတစ်ဦးကပြောသည်။
စစ်ကောင်စီဘက်က ပစ်သော လက်နက်ကြီးကျည်သည်မန်နောင်ကျေးရွာအတွင်း ကျရောက်ပေါက်ကွဲကာအသက်၃နှစ်အရွယ်ကလေးငယ်တစ်ဦးဒဏ်ရာအပြင်းအထန်ရသွားခဲ့ကြောင်းလည်းဒေသခံများကပြောသည်။
“ကလေးငယ်တစ်ယောက် ကျည်ထိသွားတယ်။ဒဏ်ရာပြင်းတယ်။ ပြောရရင် အခြေအနေမကောင်းဘူးလို့ပဲပြောပါရစေ”ဟု မန်နောင်ကျေးရွာဒေသခံတစ်ဦးကပြောသည်။
ဒဏ်ရာရ ကလေးငယ်သည် အသက်သုံးနှစ်အရွယ်တအာင်းတိုင်းရင်းသားကလေးငယ်တစ်ဦးဖြစ်သည်။အရေးပေါ်အခြေအနေဖြင့် ဆေးကုသပေးနေရဆဲဖြစ်သည်။
မန်နောင်ကျေးရွာသည် မူဆယ်-ကွတ်ခိုင် ပြည်ထောင်စုလမ်းဘေးမှ ကျေးရွာဖြစ်၍ လမ်းပိုင်းအသုံးပြုမည့်ကားများ သတိပြုမောင်းနှင်ကြရန် ကွတ်ခိုင်မြို့ခံများက သတိပေး ထားသည်။
