ကရင်ပြည်နယ် မြ၀တီ – ဝေါ်လေလမ်း၌ ယမန်နေ့ကတိုက်ပွဲ ထပ်မံဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်က ထိခိုက်ဒဏ်ရာရကာ ဆုတ်ခွာသွားကြောင်း ကရင်အမျိုးသားအစည်းအရုံး(KNU) ဦးဆောင်သည့် ကော်ဘရာ စစ်ကြောင်းက သတင်းထုတ်ပြန်သည်။
ဇူလိုင် ၂၄ရက် ညနေပိုင်းက အလစ်အငိုက် ကျူးကျော်ရန် ကြိုးစားလာသည့် စစ်ကောင်စီတပ်နှင့် ကော်ဘရာ စစ်ကြောင်းတို့ တိုက်ပွဲဖြစ်ပွားခဲ့ခြင်းဖြစ်သည်။
တိုက်ပွဲတွင် ကော်ဘရာ စစ်ကြောင်း၏ ဒရုန်းတပ်ဖွဲ့နှင့်အတူ Golden Eagle ဒရုန်းတပ်ဖွဲ့လည်း အဓိက ပါဝင်တိုက်ခိုက်ခဲ့ပြီး စစ်ကောင်စီတပ်သား ၂ဦးနှင့်အထက် ပြင်းထန်စွာ ဒဏ်ရာရရှိပြီး ဆုတ်ခွာသွားခဲ့ကြောင်း ဖော်ပြထားပြီး ကော်ဘရာစစ်သည်များ ထိခိုက်မှုမရှိဟု အသိပေးထားသည်။
အဆိုပါ မြ၀တီ – ဝေါ်လေလမ်း၌ ဇူလိုင်လအတွင်း ကော်ဘရာ စစ်ကြောင်းနှင့် စစ်ကောင်စီတပ်တို့ တိုက်ပွဲများ မကြာခဏ ဖြစ်ခဲ့ပြီး စစ်ကောင်စီတပ်မှ သေဆုံးထိခိုက်များခဲ့သည်။
