စစ်ကိုင်းမြို့နယ်၊ ဒီပဲယင်းကွဲကျေးရွာကို အကြမ်းဖက်စစ်ကောင်စီတပ်က ယမန်နေ့တွင် ဝင်ရောက်စီးနင်းပြီး နေအိမ်ငါးလုံးအား မီးရှို့ဖျက်ဆီးကာ ဒေသခံပြည်သူတစ်ဦးကိုလည်း သတ်ဖြတ်မီးရှို့သွားကြောင်း ဒေသတွင်းသတင်းရင်းမြစ်များက ပြောသည်။
ယမန်နေ့ (ဇူလိုင်၂၂ ရက်)မွန်းလွဲ ၁နာရီမိနစ်၂၀ခန့်က ဒီပဲယင်းကျေးရွာသို့ အစစ်ကောင်စီတပ်က အင်အား ၁၀၀ ခန့်ဖြင့် ဝင်ရောက်လာခဲ့သည်။
ထို့နောက် ရွာသား အချို့ဖမ်းဆီးခဲ့ကာ လူနေအိမ် ၅ လုံးကို မီးရှို့ခဲ့ကြောင်း၊ အပြစ်မဲ့ ရွာသားတစ်ဦးဖြစ်သူ အသက် ၃၇ နှစ်ခန့်အရွယ် ကိုဇော်လင်းဆိုသူကိုလည်း စစ်ကောင်စီတပ်ဖွဲ့က သတ်ဖြတ်မီးရှို့သွားကြောင်း စစ်ကိုင်းမြို့နယ် သတင်းမှန်ပြန်ကြားရေးက ထုတ်ပြန်သည်။

စစ်ကောင်စီတပ်ရန်ကြောင့် ရွာသူ၊ရွာသားများလည်း ထွက်ပြေးတိမ်းရှောင်ခဲ့ရသည်ဟု ဒေသခံများက ပြောသည်။
မီးရှို့ခံရသည့်နေအိမ်များတွင် NLDအစိုးရလက်ထက် အုပ်ချုပ်ရေးမှူးဟောင်းနေအိမ်လည်းပါဝင်ကြောင်း၊ စစ်ကောင်စီတပ်ဖွဲ့သည် ညနေ ၅ နာရီခွဲခန့်တွင် ပြန်ထွက်သွားခဲ့ကြောင်း ဒေသခံများက ပြောသည်။
ယမန်နေ့(ဇူလိုင် ၂၂ရက်)နံနက်ပိုင်းက ဒီပဲယင်းကွဲကျေးရွာအနီး၊ ကြွယ်ပုံကျေးရွာရှိ အကြမ်းဖက်စစ်တပ်နှင့်ပျူစခန်းအား PDFနှစ်ဖွဲ့က ဝင်ရောက်စီးနင်းတိုက်ခိုက်ခဲ့ကြောင်း၊ ထိုတိုက်ခိုက်ခံရမှုနှင့်ပတ်သက်၍ ဒီပဲယင်းကွဲရွာအား ဝင်ရောက်ဖျက်ဆီးခြင်းဖြစ်နိုင်ကြောင်း ဒေသခံအချို့က ပြောသည်။
