စစ်ကိုင်းတိုင်း၊ မြောင်မြို့နယ်နှင့် မကွေးတိုင်း၊ ရေစကြိုမြို့နယ်တွင် ယနေ့ညနေပိုင်းက တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ အကြမ်းဖက်စစ်ကောင်စီတပ်က လက်နက်ကြီးဖြင့် အကြောင်းမဲ့ပစ်ခတ်ခဲ့၍ ဒေသခံပြည်သူနှစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ဒေသခံများက ပြောသည်။
ယနေ့ (ဇူလိုင်လ ၂၃ရက်) ညနေ ၆နာရီခန့်က မြောင်မြို့နယ်၊ နွေတစ်ချောင်းကျေးရွာ၌ တပ်စွဲထားသောစစ်ကောင်စီတပ်သည် အနီးကျေးရွာများကို လက်နက်ကြီးများဖြင့် ပစ်ခတ်ခဲ့သည်။
ထိုသို့ပစ်ခတ်မှုကြောင့် ကျောက်တန်းအနောက်ကျေးရွာပေါ်သို့ ကျရောက်ပြီး ၎င်းကျေးရွာရှိ အသက်၂၁နှစ်အရွယ် မောင်တင်ကိုဦး၌ ဝမ်းဗိုက်ဒဏ်ရာနှင့် အသက်၂၅နှစ်အရွယ် မောင်လှခိုင်၏ လက်မောင်းဒဏ်ရာများ အသီးသီးရရှိခဲ့ကြောင်း မြောင်အခြေစိုက် MBTTအဖွဲ့မှ ဗိုလ်တောက်ထွန်းက အသိပေးသည်။

ဒေသခံပြည်သူများလည်း ထွက်ပြေးတိမ်းရှောင်နေရပြီး တိုက်ပွဲမရှိဘဲ လက်နက်ကြီးများနှင့် အဝေးကပစ်ခတ်နေသောကြောင့် ပြည်သူများသတိထားသွားလာကြရန် ဗိုလ်တောက်ထွန်းက သတိပေးသည်။
အလားတူ မြောင်နယ်နှင့် နယ်မြေချင်းဆက်နေသည့် မကွေးတိုင်း၊ ရေစကြိုမြို့နယ်၊ အမှတ်(၁)ထင်းတန်း ဇီးကျွန်းရပ်ရှိ မြစ်ကမ်းနားဘက်တွင်လည်း လက်နက်ကြီးကျည် ၁ လုံးကျရောက် ပေါက်ကွဲခဲ့ကြောင်း ဒေသခံများက ပြောသည်။
ယင်းလက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲမှုကြောင့် ထိခိုက်မှုအခြေအနေ မသိရသေးဟု ဒေသခံတို့က ပြောသည်။
