ကရင်နီ(ကယား)ပြည်နယ် ဒီးမော့ဆိုမြို့နယ်တွင် စစ်ကောင်စီတပ် ဖမ်းဆီးပြီး သတ်ဖြတ်ကာ ရေတွင်းထဲ ပစ်ချခဲ့သည့် ဒေသခံညီအစ်ကို ၂ဦး၏ အရိုးများကို ဆယ်ယူပေးခဲ့ကြောင်း Free Burma Ranger အဖွဲ့က ထုတ်ပြန်သည်။
ဒီးမော့ဆိုမြို့နယ် စံပြ ၆ မိုင်တွင် ယခုနှစ် ဖေဖော်ဝါရီလက ရွာသား ၄ဦး ဆန်စပါးနှင့် ဟင်းသီးဟင်းရွက်များပြန်လာယူရန် ရွာထဲပြန်ရောက်ချိန် စစ်ကောင်စီတပ်နှင့် တွေ့ဆုံပြီး ဖမ်းဆီးနှိပ်စက် သတ်ဖြတ်ခံခဲ့ရသည်ဟုသိရသည်။
ဒေသခံလေးဦးအနက် ၂ဦးကိုဖမ်းဆီသတ်ဖြတ်၍အိမ်သာကျင်းထဲပစ်ချခဲ့ပြီး ကျန်နှစ်ဦးကိုလည်းသတ်၍ ပေ ၄၀ အနက်ရှိတဲ့ရေတွင်းထဲ ပစ်ချခဲ့ရာ ရေတွင်းထဲပစ်ချခံရသူ ၂ဦးသည် ညီအကိုများ ဖြစ်သည်ဟုဖော်ပြထားသည်။
“ကျန်မိသားစုနဲ့ ရွာသူရွာသားတွေ ပျောက်လို့ အဲ့ဒေသမှာရှိနေတဲ့ ကာကွယ်ရေးတပ်တွေနဲ့ ပြန်လိုက်ရှာရာ ၃ ပတ်အကြာမှ ပြန်တွေ့လို့ ကြိုးစားပြန်ဆယ်ယူပေမဲ့ အဝတ်အစားနဲ့ အရိုးအချို့သာဆယ်ယူရရှိပြီး ကောင်းမွန်စွာမြေမြှုပ်သဂြိုလ်ပေးလိုက်တယ်။ ၅လအကြာမှဖမ်းဆီးခံရပြီးရက်ရက်စက်
စက်အသတ်ခံခဲ့ရတဲ့ ညီအစ်ကို ၂ ယောက်ရဲ့မိသားစုနဲ့ပြန်တွေ့တော့ ရေတွင်းထဲကျန်ရှိနေသေးတဲ့ အရိုးတွေကိုပြန်ဆယ်ယူဖို့ အကူအညီတောင်းလာလို့ ဒေသခံကာကွယ်ရေးတပ် KNDF တပ်ရင်း ၉ ရဲ့အကူအညီနဲ့ ရေစုပ်ထုတ်ပြီး ကျန်အရိုးစုဖြစ်တဲ့ ခေါင်းခွံ ၂ လုံးကို ဆယ်ယူရရှိခဲ့တယ်” ဟု ထုတ်ပြန်ချက်၌ ရေးသားထားသည်။
ထိုသို့ ဆယ်ယူမှုကိုFree Burma Ranger တည်ထောင်သူ ဒါရိုက်တာ Dave Eubank ကိုယ်တိုင် ဆင်းပြီးဆယ်ယူခဲ့ခြင်းဖြစ်သည်ဟု ထုတ်ပြန်ထားသည်။
Free Burma Ranger သည်ကရင်နှင့်ကရင်နီပြည်နယ်တွင်စစ်ဘေးဒုက္ခသည်များကို အရေးပေါ်ကျန်းမာရေးစောင့်ရှောက်မှုနှင့်ကယ်ဆယ်ရေးလုပ်ငန်းများတွင်ကူညီပေးနသောအဖွဲ့ဖြစ်သည်။
