ရှေးဟောင်းပစ္စည်းနှင့်ရတနာများတွေ့ရှိသည်ဟုဆိုကာလူထောင်၊သောင်းချီ လာရောက်တူးဖော်နေသည့် စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ်၊ ထန်းကြီးကျေးရွာကိုစစ်ကောင်စီတပ်က တပ်စွဲလိုက်ကြောင်းဒေသတွင်းသတင်းရင်းမြစ်များကပြောသည်။
ရှေးဟောင်းပစ္စည်းနှင့်ရတနာများတွေ့ရှိသည်ဟုဆိုကာရွှေဘိုခရိုင်၊ ဝက်လက်မြို့နယ်၊ ထန်းကြီးကျေးရွာကိုနေ့စဥ်လူတစ်သောင်းကျော်လာရောက်ရှာဖွေတူးဖော်ခဲ့ကြသည်။



ယနေ့ (ဇူလိုင်လ ၁၈ရက နံနက် ၄နာရီခွဲခန့်က အကြမ်းဖက်စစ်တပ်သည် ထန်းကြီးကျေးရွာသို့ အင်အား ၇၀ ဝန်းကျင်၊ ကားနှစ်စီးဖြင့် ရောက်ရှိလာပြီး ဘုန်းကြီးကျောင်းဝင်းအတွင်း တပ်စွဲလိုက်ကြောင်း၊ ထို့အပြင် ရွာအနောက်ဘက်ကုန်းပေါ်တွင်လည်း တပ်စွဲထားကြောင်း ဒေသခံများက ပြောသည်။

“ရတနာမြေအကြောင်း Facebook ပေါ်တင်နေတဲ့အကျိုးဆက်လို့ထင်တယ်။ဇွန်၂၈ ရက်လည်းမနက်ပိုင်းမှာအဲဒီသတင်းတက်လာပြီးညနေပိုင်းကြတော့သူတို့ဝင်လာတာပဲ။ တချို့ကလည်း ရတနာတွေ သုံးပိဿာတောင်ရတယ်ဆိုပြီး သတင်းတွေလည်း ထွက်နေတယ်။ ဒါကြောင့်ဝင်လာတာဖြစ်မယ်။”ဟု ဝက်လက်ဒေသခံတစ်ဦးကပြောသည်။
ထန်းကြီးကျေးရွာ၌ ရှေးဟောင်းပစ္စည်းများ၊ အရိုးစုများ၊ရွှေငွေကျောက်မျက်ရတနာ၊ ကျောက်စိမ်းဆင်းတုများ ရရှိသည်ဟုဆိုကြပြီး နေ့စဥ်လူထောင်၊သောင်းချီ လာရောက်ရှာဖွေနေသည်မှာ တစ်လခန့်ရှိပြီဖြစ်ကြောင်း ဒေသခံများက ပြောသည်။
