ကလေးမြို့တွင် အင်အား ငါးဆယ်ခန့်ပါ စစ်ကောင်စီခြေလျင်စစ်ကြောင်းအား ကလေးပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(ကလေးPDF)ကမိုင်းဆွဲတိုက်ခိုက်ရာ စစ်ကောင်စီတပ်သား နှစ်ဦး သေဆုံးပြီး အရာရှိတစ်ဦးအပါအဝင် ခြောက်ဦးထက်မနည်း ဒဏ်ရာအပြင်းထန်ရရှိကြောင်းသတင်းထုတ်ပြန်သည်။
ကလေးမြို့တောင်ဖီလာလမ်းမကြီးနှင့် ဝန်ထမ်းအိမ်ယာလမ်းထောင့်တွင် ယနေ့(ဇူလိုင် ၇ရက်) နေလည် ၁၂ နာရီခန့်တွင် ကလေးPDF ကမိုင်းတပ်ဖွဲ့ မိုင်းခွဲတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။
မိုင်းများ ကြိုတင်ထောင်ထားသည့် နေရာသို့ စစ်ကောင်စီတပ်ဖွဲ့ရောက်ရှိလာစဥ် ဆက်တိုက်ဖောက်ခွဲတိုက်ခိုက်ခဲ့ခြင်းဟု PDF ကလေးက ထုတ်ပြန်သည်။အကြမ်းဖက်စစ်ကောင်စီတပ်သား နှစ်ဦးသည် နေရာတွင်သေဆုံးပြီး အရာရှိအဆင့် တစ် ဦးအပါအဝင် ခြောက်ဦးထက်မနည်း မိုင်းထိမှန်ကာ ဒဏ်ရာအပြင်းထန်ရရှိသွားသည်ဟုလည်းပါရှိသည်။
“မိုင်းပေါက်ကွဲပြီး အထိနာသွားတော့ ထုံးစံအတိုင်း လူထုကို မဲတော့တာပဲ။ အရပ်သားတစ်ယောက်ကို ရိုက်နှက်ဖမ်းသွားတယ်”ဟုပြည်သူ့ကာကွယ်ရေးရဲဘော်တစ်ဦးကပြောသည်။
တိုက်ခိုက်ခံရပြီးနောက် အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့က ဘေးပတ်ဝန်းကျင်သို့ သေနတ်ဖြင့် ရမ်းသမ်းပစ်ခတ်ခဲ့ပြီး ပြည်သူအချို့ကို သေနတ်ထောက်၍ လူသားဒိုင်းအဖြစ် စေခိုင်းခဲ့သည်ဟုလည်း PDF Kalayက ထုတ်ပြန်ထားသည်။ ထို့အပြင် ရပ်ကွက်အတွင်းမှ အပြစ်မဲ့ပြည်သူ တစ်ဦးကိုလည်း ဖမ်းဆီးသွားခဲ့သည်ဟု သိရသည်။
ကလေးမြို့နယ်တွင် ပြည်သူ့ကာကွယ်ရေးအဖွဲ့များကို တိုက်ခိုက်ရာတွင် အသုံးပြုရန် ပျူစောထီးများအား စစ်ကောင်စီက ငွေပေးကာ စည်းရုံးနေသည်ဟု ဒေသခံများကပြောသည်။ သို့သော်ယခုနောက်ပိုင်းတွင်ပျူစောထီးများက ကြောက်လန့်ကာ စစ်ကောင်စီစစ်ကြာင်းနှင့်လိုက်ရန် ငြင်းဆန်နေကြသည်ဟု ဒေသခံများကပြောသည်။
