မန္တလေးတိုင်း၊ နွားထိုးကြီးမြို့လယ်တွင် အကြမ်းဖက်စစ်ကောင်စီတပ်များ တပ်စွဲထားသော နေရာနှစ်ခုအား ယမန်နေ့ညက လက်နက်ကြီးဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ရာ သုံးဦးထက်မနည်း သေဆုံးနိုင်ကြောင်း နွားထိုးကြီး PDF က ပြောသည်။
ယမန်နေ့ (ဇူလိုင်လ၄ရက်) ည ၇နာရီခွဲခန့်က စစ်ကောင်စီတပ်များ တပ်စွဲထားသော နွားထိုးကြီးမြို့လယ်တွင်ရှိသည့် အားကစားခန်းမနှင့် ဆောက်လုပ်ရေးရုံးအား လက်နက်ကြီးဖြင့် ပစ်ခတ်ခဲ့ခြင်းဖြစ်ကြောင်း နွားထိုးကြီး PDF က ပြောသည်။
လက်နက်ကြီးဖြင့် ဝင်ရောက်ပစ်ခတ်မှုကြောင့် အကြမ်းဖက်စစ်သားများ သုံးဦးနှင့်အထက်ကျဆုံးပြီး ဒဏ်ရာရသူ ၉ဦးခန့်ဆွဲထုတ်သွားသည်ဟု မျက်မြင်တွေ့ရှိသူများကပြောကြောင်း နွားထိုးကြီး PDFက ဆိုသည်။
“သူတို့က တစ်နေရာကို ၄၀လောက်နေတာ။ သူတို့က အဲဒီပတ်ဝန်းကျင်မှာ အမြဲခြေရှုပ်နေတာ။ အပစ်ခံရပြီးတော့ ၁၅ မိနစ်လောက်ဆက်တိုက်ရမ်းပြီး ပစ်ခတ်တာတွေ ပြုလုပ်ခဲ့တယ်လို့ သိရတယ်။”ဟု နွားထိုးကြီး PDF တာဝန်ရှိသူက ပြောသည်။
နွားထိုးကြီး PDFသည် နွားထိုးကြီးမြို့နယ်နှင့် မြင်းခြံမြို့နယ်အတွင်း အကြမ်းဖက်စစ်တပ်အား လက်နက်ကိုင်ခုခံတော်လှန်နေပြီး ဇွန်လ၂၆ရက်နေ့က ရန်ကုန် – မန္တလေး အမြန်လမ်းပေါ်တွင် အကြမ်းဖက် စစ်ကောင်စီယာဥ်တန်းကို မိုင်းဆွဲတိုက်ခိုက်ခဲ့သေးသည်။
