မြန်မာစစ်ကောင်စီတပ်သည် မြ၀တီနယ်စပ်မြို့နယ်အတွင်းရှိ ကရင်ကျေးရွာများကို လေကြောင်းမှ ဆက်လကတိုက်ခိုက်နေ၍ ကရင်ဒုက္ခသည်များစွာကို ထိုင်းနိုင်ငံက လက်ခံရန်ပြင်ဆင်နေကြောင်း The Nation သတင်းဌာနက ယနေ့ဖော်ပြသည်။
ဇူလိုင် ၂ ရက်တွင် အာဏာသိမ်းစစ်ကောင်စီက ကျေးရွာနှစ်ရွာအပေါ် တိုက်လေယာဉ်ဖြင့် ဗုံးကြဲခဲ့သဖြင့် ရွာသား ၃ ဦးသေဆုံးကာ အခြား ၃ဦး ဒဏ်ရာရရှိခဲ့သည်။ ဒဏ်ရာရရှိသူများကို တာ့ခ်ခရိုင် ဖော့ဖရာစီရင်စုသို့ ဆေးကုသမှုခံယူရန် ပို့ဆောင်ခဲ့ရသည်။
သေဆုံးသူ ၃ဦးအနက် ၁ ဦးသည် ထိုင်းနိုင်ငံသားကတ်ကိုင်ဆောင်ထားထားပြီး အခြား ၁ဦးသည် ထိုင်းအစိုးရကထုတ်ပေးသော တောင်ပေါ်သားကတ်ကိုင်ဆောင်သူဖြစ်သည်။ ကျန် ၁ ဦးသည် ထိုင်းနိုင်ငံအတွင်း ၁၀ နှစ်နေထိုင်ခွင့်ကတ်ကိုင်ဆောင်ထားသူဖြစ်သည်ဟု ဆိုသည်။

တချိန်တည်းတွင် အကြမ်းဖက်စစ်တပ်၏ လေကြောင်းတိုက်ခိုက်မှုများကြောင့် ဒုက္ခသည်များ သည် နယ်စပ်ဖြတ်ကျော်ကာ Ban Muen Rue ထိုင်းအသင်းကို ခိုလှုံခွင့်တောင်းခံသူမှာ ၂၅၅ ဦးအထိ မြင့်တက်လာကြောင်း သိရသည်။
သို့သော် ထိုင်းဝန်ကြီးချုပ်ပရာယွတ်က ပြီးခဲ့သည့်သီတင်းပတ်တွင် မြန်မာစစ်တပ်၏ MiG-29 တိုက်လေယာဉ် ထိုင်းလေပိုက်နက်သို့ကျူးကျော်ခဲ့မှုအတွက် တောင်းပန်မှု လက်ခံရရှိခဲ့ကြောင်း ပြောကြားထားသည်။

နိုင်ငံရေးသမားများ၊တက်ကြွလှုပ်ရှားသူများ၊ ပြည်သူများကမူ စစ်ကောင်စီတပ် ထိုင်းလေပိုင်နက်အားကျူးကျော်လာမှုအပေါ် ထိုင်းလေတပ်က ချက်ချင်းမကာကွယ်မတုံ့ပြန်နိုင်ခြင်းအပေါ် ဝေဖန်ပြစ်တင်နေကြသည်။
ထိုင်းကာကွယ်ရေးဝန်ကြီးလည်းဖြစ်သူ ပရာယွတ်က ထိုင်းစစ်တပ်သည် နိုင်ငံ၏ အချုပ်အခြာ အာဏာကို ကာကွယ်နိုင်စွမ်းအပြည့်ရှိသည်ကို ယုံကြည်ရန် ပြောဆိုထားပြီး အထက်ပါ လေပိုင်နက်ကျူးကျော်မှုက ကြီးမားသည့်ကိစ္စရပ်မဟုတ်ကြောင်း ဆိုထားသည်။
မြန်မာစစ်တပ်သည်ပြီးခဲ့သည့်သီတင်းပတ်မှစတင်ကာ ထိုင်းနယ်စပ်တလျှောက်ရှိကရင်ကျေး ရွာများကိုလေကြောင်းရော၊ လက်နက်ကြီးဖြင့်ပါထိုးစစ်ဆင်နေသဖြင့် ထိုင်းဘက်ခြမ်းရှိပြည်သူများကိုလည်း အထိတ်တလန့်ဖြစ်စေနေသည်။
ကိုးကား – The Nation
