ကရင်ပြည်နယ် မြ၀တီမြို့နယ် သေဘောဘိုးဒေသ၌ ကရင်အမျိုးသားအစည်း အရုံး(KNU)ဦးဆာင်သည့် ပူးပေါင်းတပ်ဖွဲ့ဝင်များနှင့် စစ်ကောင်စီတပ်တို့ ယမန်နေ့ကစ၍ တိုက်ပွဲဖြစ်ပွားခဲ့ရာ စစ်ကောင်စီတပ်က ယနေ့တွင် လေကြာင်းမှအကြိမ်ကြိမ် ဗုံးကြဲတိုက်ခိုက်လာနေသည်ဟု ဒေသတွင်းရှိ ပြည်သူ့ကာကွယ်ရေးတပ်(PDF)တပ်မှူးတစ်ဦးက ပြောသည်။
သေဘောဘိုးဒေသမှ စစ်ကောင်စီတပ်စခန်းကိုဆုတ်ခွာရန် သတိပေးသော်လည်း မဆုတ်ခွာဘဲ အင်အားထပ်တိုးလာသဖြင့် KNU ဦးဆောင်သော ပူးပေါင်းတပ်ဖွဲ့ဝင်များက မေ ၁၇ မှစ၍ စခန်းကိုသွားရောက်တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

“ခုပစ်နေတုန်းပဲ။ အဲဒါက ကျွန်တော်တို့လူက သွားတိုက်တာ။ ကျွန်တော်တို့က ပြန်ဆုတ်လို့ပြောထားတာ သူတို့(စစ်ကောင်စီတပ်)က မဆုတ်တော့ သူတို့ တပ်အင်အားထပ်တိုးလာလို့” ဟု KNU သတင်းရင်းမြစ်က ပြောသည်။
PDF တပ်ရင်းမှူးတစ်ဦးကလည်း“သေဘောဘိုးမှာ မနေ့ကကတည်းက ဖြစ်တာပေါ့။ လေယာဉ်ကတော့ ၁၁ကြိမ် ၊ ၁၂ကြိမ်လောက်ပဲ။ ပထမသိရတာတော့ ဖိုက်တာတစ်စီးနဲ့ ရဟတ်ယာဉ် နှစ်စီးပေါ့။ အခုနောက်ထပ်ဖိုက်တာ နှစ်စီးလောက်တက်သွားတယ်လို့ သိရတယ်။”ဟု ပြောသည်။
အဆိုပါဒေသသည် ကရင်အမျိုးသားအစည်းအရုံး(KNU) တပ်မဟာ(၆)နယ်မြေဖြစ်သည်။
တိုက်ပွဲဖြစ်ပွားမှုနှင့် စစ်ကောင်စီတပ်မှ လေကြောင်းတိုက်ခိုက်မှုကို KNUဗဟို သတင်းရင်းမြစ်က အတည်ပြုသော်လည်းအသေးစိတ် အခြေအနေများမသိရသေးဟု ပြောသည်။စစ်ကောင်စီတပ်သည်အထိနာလျှင် လေကြောင်းတိုက်ခိုက်မှု ပိုမိုပြုလုပ်လေ့ရှိသည်။
