ရှမ်းနီတပ်ဖွဲ့သည် အကြမ်းဖက်စစ်ကောင်စီနှင့်ပူးပေါင်းပြီး ဖောင်းပြင်နှင့်ဗန်းမောက်မြို့နယ်မှ ပြည်သူ့ကာကွယ် ရေးတပ်ဖွဲ့များအား တိုက်ခိုက်နေသည်ဟု ဖောင်းပြင်မြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က သတင်းထုတ်ပြန် သည်။
ထိူ့အပြင် ပြည်သူလူထုထံမှ ဆတ်ကြေး အဓမ္မကောက်ခံနေသည်ဟုလည်း ဆိုသည်။
ရှမ်းနီတပ်ဖွဲ့သည် တရားမဝင်အာဏာသိမ်းစစ်ကောင်စီတပ်စစ်ကြောင်းများနှင့်အတူလိုက်ပါပြီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များကို ရန်ရှာတိုက်ခိုက်နေကြောင်း၊ ဖောင်းပြင်မြို့နယ် သရောင်းရွာ စည်ပင်သာယာစျေးအနီးရှိ ဦးမြဟန်-ဒေါ်ကြည်ဟန်တို့ ကုန်ဆိုင်မှဆက်ကြေးအဖြစ် ကျပ်သိန်း ၁၀၀ကို ဇွန်လ ၂၆ရက်တွင် အဓမ္မကောက်ခံသွားကြောင်း သတင်းထုတ်ပြန်ထားသည်။
ထို့အပြင် ရှမ်းနီတပ်ဖွဲ့သည် ဗန်းမောက်မြို့နယ်တွင်လည်း အကြမ်းဖက်စစ်ကောင်စီစစ်ကြောင်းများနှင့်လိုက်ပါတိုက်ခိုက်ပြီး ပြည်သူများထံမှ အဓမ္မဆက်ကြေးကောက်ခံသည့်အသတင်းများ ရရှိထားကြောင်း ဖောင်းပြင်မြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က နောက်ဆက် တွဲသတင်းထုတ်ပြန်ထားသည်။
“ရှမ်းနီတပ်ဖွဲ့ကို ကျွန်တော်တို့ မဟာမိတ်လို သဘောထားထားပါတယ်။ စစ်အာဏာရှင်တော်လှန်ရေးမှာ နောက်ထပ် ရန်သူ ထပ်တိုးတာမျိုးကို ကျွန်တော်တို့ ရှောင်လွှဲလိုပါတယ်။ စစ်အာဏာရှင်ကို အတူလက်တွဲပြီး တိုက်ခိုက်လိုပါတယ်”ဟုဖောင်းပြင်မြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။
ငြိမ်းချမ်းရေးလက်မှတ်ထိုးမထားသည့် ရှမ်းနီအမျိုးသားများတပ်မတော်-SNA(ဒေသအခေါ် ရှမ်းနီတပ်ဖွဲ့)သည် အာဏာသိမ်းစစ်ကောင်စီနှင့် ပူးပေါင်းကာ လူထုအား အကြမ်းဖက်တိုက်ခိုက်မှုများတွင် ပါဝင်နေသည်ဟု စစ်ကိုင်းနှင့်ကချင်ပြည်နယ်မှ ဒေသခံများက ပြစ်တင်ဝေဖန်သည်။
ရှမ်းနီတပ်ဖွဲ့သည် ဖောင်းပြင်နှင့်ဗန်းမောက်မြို့အပြင် ကန့်ဘလူမြို့နယ်တွင်လည်း စစ်ကောင်စီစစ်ကြောင်းနှင့်အတူလိုက်ပါကာ လူထုနှင့်ပြည်သူ့ကာကွယ်ရေးအဖွဲ့များအား တိုက်ခိုက်နေသည်ဟု ကန့်ဘလူမြို့အခြေစိုက် ပြည်သူ့ကာကွယ်ရေးအဖွဲ့များက သတင်းထုတ်ပြန်ထားသည်။
