ကရင်နီဒေသ(ကယားပြည်နယ်)ကြားကာလပညာရေးအတွက်စေတနာ့ဝန်ထမ်း (Volunteers) ၉၀၀ ကျော်အား သင်ကြားသင်ယူမှု ရက်တိုသင်တန်းများပေးထားပြီဖြစ်ကြောင်း ကယားပြည်နယ်လုံးဆိုင်ရာ အခြေခံပညာ ဆရာများသမဂ္ဂကယနေ့(မေ ၁၁)ထုတ်ပြန်သည်။

စစ်ရှောင်ကြားကာ ပညာသင်ကြားရေး လုပ်ငန်းများ ဖော်ဆောင်ပေးနေသည့်အပြင် ကြားကာလပညာသင်ကြားရေးတွင် ပါဝင်ဖော်ဆောင်ကူညီနေသောစေတနာ့ဝန်ထမ်း (Volunteers) များအတွက် သင်ကြား/သင်ယူမူ ရက်တို သင်တန်းများကို (CDM) နည်းပြ ဆရာ/မများနှင့်
ပူးပေါင်း၍ ပို့ချပေးလျက်ရှိသည်ဟု ဖော်ပြသည်။
ရက်တိုသင်တန်းများကို ဒီမော့ဆို၊ ဖရူဆိုနှင့် မယ်စဲ့မြို့နယ်တို့တွင် စေတနာ့ဝန်ထမ်း ၉၀၀ ဦးခန့်အား ပို့ချပေးခဲ့ပြီးဖြစ်ကာ သင်တန်းများထပ်မံဖွင့်လှစ်သင်ကြားပေးရန်စီစဥ်လျက်ရှိပြီး စေတနာ့ဝန်ထမ်း များအတွက် ထောက်ပံ့မှု အနည်း ငယ်စီ ပံ့ပိုးပေးနိုင်ခဲ့ကြောင်း ထုတ်ပြန်သည်။

ထို့အပြင် သင်ကြားရေးနှင့်ပတ်သက်ပြီး အထောက်အကူဖြစ်စေရန် အမျိုးသားညီညွတ်ရေးအစိုးရ(NUG)၊ ပညာရေးဝန်ကြီးဌာန(MOE)မှ ချပေးထားသော ဗီဒီယိုသင်ခန်းစာများကို သင်ကြားပေးနေသော ဆရာဆရာမများ၊ကျောင်းသားသူများ အတွက် Memory sticks များဖြင့်သော်လည်းကောင်း၊ ဖုန်းထဲသို့လည်းကောင်း ကူးယူဖြန့်ဝေပေးလျက်ရှိသည်။

ကယားပြည်နယ်လုံးဆိုင်ရာအခြေခံပညာဆရာများသမဂ္ဂအနေဖြင့် လာမည့် ၂၀၂၂-၂၃ ပညာသင်နှစ်(ကြားကာလ) ပညာသင်ရေးအတွက် အဆင်သင့်ဖြစ်စေရန် ကြိုးပမ်းလျက်ရှိပြီး(CDM)ဆရာဆရာမများ၊ စေတနာ့ဝန်ထမ်းများနှင့် မိဘများ၊ ကျောင်းသားများအားလုံး ပူပေါင်းပါဝင်ပေးကြရန် တိုက်တွန်းထားသည်။
