မင်းတပ်မြို့နယ်၌ ယမန်နေ့ကဖြစ်ပွားသည့် တိုက်ပွဲအတွင်း မင်းတပ်ချင်းကာကွယ်ရေးတပ် (CDF)မှ ရဲဘော်နှစ်ဦး ထပ်မံကျဆုံးခဲ့ကြောင်း မင်းတပ် CDFက အသိပေးသည်။
ယမန်နေ့က ဖြစ်ပွားခဲ့သည့် မင်းတပ်မြို့နယ် ပလုံတွီတိုက်ပွဲတွင် CDF ရဲဘော် နှစ်ဦးပျောက်ဆုံးခဲ့ပြီး အဆိုပါ ရဲဘော် နှစ်ဦး၏အလောင်းကို ယနေ့(ဇွန်လ ၃၀ ရက်)နေ့လည် ၁နာရီခန့်တွင် ပြန်လည်တွေ့ရှိခဲ့သည်ဟု ဖော်ပြသည်။
အဆိုပါ ရဲဘော် နှစ်ဦးကို စစ်ကောင်စီတပ်က ရက်စက်စွာ သတ်ဖြတ်ခဲ့ခြင်းဖြစ်သည်ဟု မင်းတပ် CDFက ထုတ်ပြန်သည်။
ယမန်နေ့က ဖြစ်ပွားခဲ့သည့်တိုက်ပွဲတွင်လည်း စစ်ကောင်စီတပ်က ပစ်ခတ်သည့်လက်နက်ကြီး ကျည်ထိမှန်၍ ရဲဘော်တစ်ဦး ကျဆုံးပြီး တစ်ဦးဒဏ်ရာရရှိခဲ့ကြောင်း မင်းတပ် CDFက အသိပေးထားသည်။
မင်းတပ်တိုက်ပွဲတွင် စစ်ကောင်စီတပ်မှလည်း ထိခိုက်သေဆုံးမှုရှိခဲ့သည်ဟုဆိုသည်။ ထို့ပြင် စစ်ကောင်စီတပ် လက်နက်ကြီးဖြင့် ရမ်းသန်း ပစ်ခတ်၍ ယမန်နေ့က ကလေးငယ် တစ်ဦး အသက်ဆုံးရှုံးခဲ့သည်။
ဇွန်လ ၂၉ရက် ည ၁၀နာရီခွဲခန့်ကလည်း မင်းတပ်မြို့နယ်တွင် စစ်ကောင်စီတပ်သား အချင်းချင်းပစ်ခတ်မှု ဖြစ်ပွားခဲ့ရာ စစ်ကောင် စီတပ်ဖွဲ့ဝင် သုံးဦးသေဆုံးပြီး ဒဏ်ရာရသူများလည်းရှိကြောင်း မင်းတပ်ချင်းကာကွယ်ရေးတပ်(CDF)က သတင်းထုတ်ပြန်ထားသည်။
စစ်ကောင်စီတပ်များသည် ထီးလင်းမြို့နယ်မှ မင်းတပ်မြို့နယ်အတွင်း ထိုးစစ်ဆင်ဝင်ရောက်လာ၍ ယမန်နေ့က တိုက်ပွဲ ၃ကြိမ်ထက်မနည်းဖြစ်ခဲ့သည်။ တိုက်ပွဲများ ဆက်လက်ဖြစ်ပြင်းထန်နိုင်၍ ပြည်သူလူထုများအနေဖြင့်မင်းတပ် CDF အားပံ့ပိုးကူညီပေးကြရန် မင်းတပ် CDF ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းဟာအွမ်က မေတ္တာရပ်ခံတိုက်တွန်းသည်။
“ချင်းတောင်ဘက်မှာတော့ ရာသီဥတုကလည်း ဆိုးဝါးနေတယ်။ တိုက်ပွဲတွေလည်း တိုက်နေတယ်။ ပြည်သူတွေအနေနဲ့ ကျွန်တော်တို့ CDF မင်းတပ်ကို ကူညီထောက်ပံ့မှု အပိုင်း လုပ်ပေးကြဖို့ ပြောလိုပါတယ်”ဟု ဆလိုင်းဟာအွမ်က ပြောသည်။
