ကေအဲန်ယူ-ဒူးပလာယာခရိုင် တပ်မဟာ ၆ နယ်မြေ ဝေါ်လေမြို့အနီးမှာရှိတဲ့ စစ်ကောင်စီရဲ့ ဥကရစ်ထစခန်းကို ဒီကနေ့ မနက်အစောပိုင်းကစပြီး KNLA KNDO ပူးပေါင်းတပ်ဖွဲ့တွေက ဝင်ရောက်တိုက်ခိုက်ခဲ့ပြီး လက်ရှိအချိန်ထိ တိုက်ပွဲဖြစ်ပွားနေဆဲပဲဖြစ်တယ်လို့ ပူးပေါင်းအဖွဲ့ထံကနေ သိရပါတယ်။
မြ၀တီ-ဝေါ်လေ ကားလမ်းမပေါ်မှာရှိတဲ့ စစ်ကောင်စီရဲ့ ဥကရစ်ထစခန်းကို ဒီကနေ့ ဇွန်လ ၂၆ ရက်နေ့ မနက် ၄ နာရီအချိန်ကစပြီး KNLA KNDO ပူးပေါင်းအဖွဲ့တွေက ဝင်ရောက်တိုက်ခဲ့ပြီး တိုက်ပွဲပြင်းထန်ခဲ့ကာ နှစ်ဖက်ထိခိုက်မှုတွေလည်းရှိခဲ့တယ်လို့ ပူးပေါင်းအဖွဲ့ထံကနေ သိရပါတယ်။
လက်ရှိမှာတော့ စစ်ကောင်စီရဲ့ ကင်းထောက်လေယာဉ်နဲ့ ဂျက်လေယာဉ်တွေပါရောက်ရှိနေတယ်လို့ ပူးပေါင်းအဖွဲ့သားတစ်ဦးရဲ့ ပြောကြားချက်အရ သိရပါတယ်။
“ဘယ်စခန်းမှလဲ မသိမ်းရသေးဘူး။ လေကြောင်းကော မြေပြင်ကော နှစ်ခုလုံးနဲ့ထိုးစစ်ဆင်နေတာ” လို့ ပူးပေါင်းတပ်ဖွဲ့ဝင်တစ်ဦးက သူ့ရဲ့လူမှုကွန်ယက်မှာရေးသားထားပါတယ်။
