ကရင်အမျိုးသားအစည်းအရုံး(KNU) သထုံခရိုင် ဘီးလင်းမြို့နယ်တွင် အာဏာသိမ်းစစ်ကောင်စီတပ်က လက်နက်ကြီးပစ်ခတ်၍ ကျောင်းဆရာမတစ်ဦးနှင့် သူမ၏ကလေးငယ်တို့ အသက်ဆုံးရှုံးခဲ့ရကြောင်း KNU သထုံခရိုင်က သတင်းထုတ်ပြန်သည်။
ဇွန်လ ၂၃ရက် နေ့လည်ပိုင်းက ဘီးလင်းမြို့နယ်အတွင်း စခန်းချတပ်စွဲထားသော အာဏာသိမ်း စစ်ကောင်စီ တပ်မ (၄၄)လက်အောက်ခံ နတ်ကြီးတပ်စခန်းမှ လက်နက်ကြီးဖြင့် ပစ်ခတ်ခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။
ထိုသို့ ပစ်ခတ်မှုကြောင့် ဘီးလင်းမြို့နယ် အစူးချောင်းကျေးရွာမှ အသက်(၂၅)နှစ်အရွယ်ရှိ နော်စန်းစန်းဝင်း(ခ)နော်အေးနှင့် သူမ၏ (၁) နှစ် (၂)လသားအရွယ် ကလေးငယ်တို့ သေဆုံးခဲ့ရကြောင်း ဖော်ပြထားသည်။
“နေ့လည် ၁၂ နာရီ ဝန်းကျင်မှာ နတ်ကြီးစခန်းက လက်နက်ကြီး (၃)ချက်ပစ်တယ်၊ ၁နာရီကျော်မှာတစ်ချက်ပစ်တယ် အားလုံးပေါင်း (၄)ချက်ပစ်တယ် နောက်ဆုံး (၁)ချက်က ဆရာမအိမ်ဘေးကျပြီးပေါက်ကွဲခဲ့တာ”ဟု ဒေသခံတစ်ဦး၏ ပြောကြားချက်ကိုလည်း ဖော်ပြထားသည်။
ဆရာမနော်စန်းစန်းဝင်းသည် အစူးချောင်းကျေးရွာတွင်နေထိုင်၍ ဝင်းကတိုက်(ဝါကတယ်) ကျေးရွာတွင် ပညာသင်ကြားပေးနေသော ကျောင်းဆရာမတစ်ဦးဖြစ်သည်ဟု ဆိုသည်။
ယခု စစ်ကောင်စီတပ်မှ လက်နက်ကြီးပစ်ခတ်သည့် ဖြစ်စဉ်သည် နယ်မြေခံ KNUတပ်များနှင့် ထိတွေ့ပစ်ခတ်မှုမရှိပဲ ဒေသခံလူထုကို ပစ်မှတ်ထားကာ လက်နက်ကြီးများဖြင့် လူနေထိုင်ရာကျေးရွာများအတွင်းသို့ ပစ်ခတ်ခြင်းသာဖြစ်ကြောင်း KNU သထုံခရိုင်က ထုတ်ပြန်သည်။
