စိုးမိုးထိန်းချုပ်နယ်မြေများ၌ အမျိုးသားညီညွတ်ရေးအစိုးရ၏ လုပ်ဆောင်နေမှုများကို ပြည်ထောင်စုဝန်ကြီးချုပ်မန်းဝင်းခိုင်သန်းက အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာန၊ အတိုင်ပင်ခံပုဂ္ဂိုလ် ဒဲရက်ရှိုလက်ကို ပြောကြားသည်။
NUG ပြည်ထောင်စုဝန်ကြီးချုပ်မန်းဝင်းခိုင်သန်းသည် အမေရိကန် နိုင်ငံခြား ရေးဝန်ကြီးဌာန၊ အတိုင်ပင်ခံပုဂ္ဂိုလ် ဒဲရက်ရှိုလက်ကို ဇွန်လ ၂၃ ရက်တွင် လက်ခံတွေ့ဆုံစဉ် ယင်းသို့ ထည့်သွင်း ပြောကြားကြောင်း ဝန်ကြီးချုပ်ရုံးသတင်းပြန်ကြားရေးအဖွဲ့ တာဝန်ရှိသူက ပြောသည်။
မြန်မာနိုင်ငံ လက်ရှိရင်ဆိုင်ကြုံတွေ့နေရသော အခြေအနေများကို ဆွေးနွေးစဉ် NUG သည် အစိုးရတရပ်အနေဖြင့် စိုးမိုးထိန်းချုပ်နယ်မြေများ၌ ပအဖ(ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့)၊ ပကဖ(ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့)၊ ပလဖ (ပြည်သူ့လုံခြုံရေးအဖွဲ့)များ ဖွဲ့စည်းလုပ်ဆောင်နေမှု၊ ပညာရေးပိုင်းတွင် စာသင်ကျောင်းများဖွင့်လှစ်ထားမှု၊ ကျန်းမာရေးကဏ္ဍ၌ ယာယီဆေးရုံများ ဆောက်လုပ်ကာ စီမံဆောင်ရွက်နေမှုများကို ဝန်ကြီးချုပ်က ထည့်သွင်းဆွေးနွေးသည်။
ထို့အပြင် လူသားချင်းစာနာထောက်ထားမှုအကူအညီများကို နယ်စပ်ဖြတ်ကျော်ရေးနည်းလမ်းဖြင့် NUG ၊ CRPH ၊ EAO ၊ PDF စသည့် တော်လှန်ရေးအင်အားများဖြင့် တိုက်ရိုက်ချိတ်ဆက်ကူညီပေးရန် မန်းဝင်းခိုင်သန်းက တောင်းဆိုသည်။
အကြမ်းဖက်စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှုများကြောင့် No Fly Zone (လေယာဉ်မပျံသန်းရနယ်မြေ)သတ်မှတ်ရန်လည်း ပြည်ထောင်စုဝန်ကြီးချုပ်က ထည့်သွင်းဆွေးနွေးသည်။
ယင်းနောက် ၂၀၂၀ အထွေထွေရွေးကောက်ပွဲကို ပယ်ဖျက်ထားသည့် တရားမဝင်အာဏာသိမ်းစစ်ကောင်စီအနေဖြင့် ရွေးကောက်ပွဲကို လုပ်ပိုင်ခွင့်မရှိဘဲ ပြည်သူလူထုကလည်း စစ်ကောင်စီ၏ အယောင်ပြ ရွေးကောက်ပွဲကို လက်မခံသည့် အခြေအနေကိုလည်း ရှင်းပြသည်။
အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာန၊ အတိုင်ပင်ခံပုဂ္ဂိုလ် ဒဲရက်ရှိုလက်ကိုယ်တိုင်လည်း မကြာသေးမီက စစ်ကောင်စီကျင်းပမည့် ရွေးကောက်ပွဲသည် လွတ်လပ်ပြီး တရားမျှတသည့်ရွေးကောက် ပွဲမဖြစ်နိုင်ကြောင်း ပြောကြားထားသည်။
