စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၀ဦးထက်မနည်းသေဆုံးပြီး ပြည်သူ့ကာကွယ်ရေးတပ်မှ ရဲဘော်နှစ်ဦး ကျဆုံးခဲ့သည့် ဟဲလုပ်ရွာတိုက်ပွဲတွင် လက်နက်နှင့်ကျည်မလုံလောက်သည့် ပြဿနာကို ခက်ခက်ခဲခဲရင်ဆိုင်ခဲ့ရကြောင်း Chinland Defense Force – Kalay Kabaw Gangaw မှ တပ်ဖွဲ့ဝင်တစ်ဦးက အသိပေးသည်။
အင်အား ၁၀၀ခန့်ရှိသော စစ်ကောင်စီစစ်ကြောင်းကို ပြည်သူ့ကာကွယ်ရေးမဟာမိတ်များက ကလေးမြို့ ဟဲလုပ်ကျေးရွာအနီးတွင် ဇွန် ၂၂ရက်က တိုက်ခိုက်ခဲ့သည့် တိုက်ပွဲနှင့်ပတ်သက်၍ ပြည်သူ့ရဲဘော်တစ်ဦးက လူမှုကွန်ရက်တွင် ရှင်းပြထားခြင်းဖြစ်သည်။
” တိုက်ပွဲမှာသိခဲ့ရတာက ရဲဘော်များတယ်။Gun(သေနတ်မ)ကောင်းလို့ မတိုက်ရတဲ့ရဲဘော်အရမ်းများတယ်။ အဲ့ဒီထဲမှာကျနော်အပါဝင်ပေါ့။ကျနော်ခါးချိုးလေးပဲကိုင်ရတယ်။ပြီးမှ ဆရာတစ်ယောက်ဆီကနေ Sniperငှားပြီး ခွေး(စစ်ကောင်စီတပ်ဖွဲ့ဝင်)တွေကို သတ်ခဲ့နိုင်လို့ အံ့အားသင့်နေတုန်း ကိုယ့်ဖက်မှာကျည်ကလည်း မလောက်ပြန်တော့ဘူး။အရမ်းကို ဒုက္ခရောက်တယ်ဗျ” ဟု ရေးသားထားသည်။
စစ်ကောင်စီဖက်က လက်နက်အင်အားအသာဖြင့် ပြန်လည်ပစ်ခတ်ခဲ့၍ အသက်လုကာ ပြန်ဆုတ်ခွာ ခဲ့ရသည်ဟုလည်း ဆိုသည်။ ဇွန်လ ၂၂ရက်နံနက် ၉နာရီခွဲခန့်မှစ၍ ၃နာရီခန့်ကြာဖြစ်ပွားသော တိုက်ပွဲအတွင်း စစ်ကောင်စီဘက်က ၁၀ဦးထက်မနည်းသေဆုံးကာ အများအပြားဒဏ်ရာရခဲ့ကြောင်း CDF – KKG က ထုတ်ပြန်ထားသည်။
ပြည်သူ့ကာကွယ်ရေးမဟာမိတ်အဖွဲ့ဘက်တွင် ပ.က.ဖ ရဲဘော် တစ်ဦး၊ Vakok/NA (CNDF) ရဲဘော် နှစ်ဦး၊ PDF Kalay ရဲဘော် တစ်ဦး၊ စုစုပေါင်း လေး ဦး ဒဏ်ရာရခဲ့ပြီး ရဲဘော် နှစ်ဦးကျဆုံးခဲ့ရသည်။
လက်နက်အင်အားမမျှ၍ ရဲဘော်နှစ်ဦးကျဆုံးခဲ့ရခြင်းဖြစ်ပြီး ပြည်သူလူထုအနေဖြင့် တတ်နိုင်သည့် နည်းလမ်းဖြင့် ကူညီပေးကြရန်လည်း တောင်းဆိုထားသည်။
“ရှေ့တန်းကိုတစ်ခါလောက်လိုက်ကြည့်ပေးပါလား။အဲ့ဒီကျမှ သိမယ်။ တကယ့်ကို အရမ်းအကူညီတွေများကြီးလိုအပ်နေပါတယ်ဗျ။ သေနတ်ဖိုးမတတ်နိူင်ရင်လည်း ကျည်ဖိုးလောက်တော့ကူညီကြပါအုန်း။ ကျနော်တို့ဖက်က အသက်ပေးပြီး တိုက်ပေးပါ့မယ်။ခများတို့ကတတ်နိုင်သလောက်ပဲ လှူပေးကူပေးကြပါ” ဟု အထက်ပါ ပြည်သူရဲဘော်က တောင်းဆိုထားသည်။
