မန္တလေးတိုင်း၊ မိုးကုတ်မြို့တွင် ဒေသခံပြည်သူများထံ စာပို့၍ ခြိမ်းခြောက်ငွေတောင်းနေသူများကို အရေးယူမည်ဟု မိုးကုတ်အခြေစိုက် Red Wolves Of Mogok အဖွဲ့က သတိပေးကြေညာသည်။
မိုးကုတ်မြို့ခံ PDF အဖွဲ့မည်မျှရှိသည်ကို ပြည်သူများသိပြီးဖြစ်ကြောင်း၊ မိမိတို့အဖွဲ့သည် ယခုလို စာပစ်ငွေတောင်းမှုများမလုပ်ခဲ့ဖူးဘဲ နောင်တွင်လည်း လုပ်မည်မဟုတ်ကြာင်းလည်း ရှင်းတမ်းထုတ်ပြန်ခဲ့ပြီးဖြစ် ကြောင်း၊ စာပစ်ခြိမ်းခြောက်ငွေတောင်းသည့်ကိစ္စကို အရေးယူမည်ဖြစ်ကြောင်း Red Wolves Of Mogok အဖွဲ့က ကြေညာသည်။
ခြိမ်းခြောက်စာအား ဗလာစာရွက်ပေါ်တွင် လက်ရေးဖြင့် ရေးသားထားပြီး စာလုံးပေါင်းသတ်ပုံ အမှားများဖြင့် ရေးသားထားသည်။



စာထဲတွင် ” မိုးကုတ်မြို့ခံ PDF အဖွဲ့အစည်းက စုပေါင်းပြီးငွေကြေးအလှူခံလိုက်ပါသည် ။ မြို့ခံ နယ်ခံ ရှမ်း ပလောင် တိုင်းရင်းသားလက်နက်ကိုင်များနှင့် ပူးပေါင်းပို့သည် “ဟု ထည့်သွင်းရေးသားထားသည်။
ထို့အပြင် Wave Money မှ ကျပ်ငါးသိန်းလွှဲပေးရန်၊ စစ်ကောင်စီအပါအဝင် မည်သူ့ကိုမျှ မပြောရန်၊ ငွေမလွှဲခြင်း၊ စစ်တပ်နှင့်ရဲအကြောင်းကြားခြင်းများ ပြုလုပ်ပါက လက်နက်များဖြင့် ပစ်ခတ်ပြီး အသက်အန္တရာယ်ကိုပါ ထိခိုက်စေမည်ဟု ခြိမ်းခြောက်ထားသည်။
စာပါဖုန်းနံပါတ်အား Red Wolves Of Mogok အဖွဲ့က လှမ်းဆက်သွယ်ရာ ခြိမ်းခြောက်စာအပို့ခံရသည့်အိမ်က ဆက်သွယ်သည်အထင်ဖြင့် ခြိမ်းခြောက်စာများ ဖုန်းမက်ဆေ့ချ်မှ ထပ်မံပေးပို့ပြန်သည်ဟု Red Wolves Of Mogok အဖွဲ့က အသိပေးသည်။
“ယခုစာပို့သောသူသည် PDF တစ်ယောက်တကယ်ဖြစ်နေခဲ့ရင်တောင် ကျနော်တို့မှ အပြစ်ပေးပါတော့မယ်။ ဘာလို့လဲဆို အလှူခံတာမဟုတ်ဘဲ ခြိမ်းခြောက်ငွေတောင်းတာ သက်သေခိုင်လုံသဖြင့် ဓားပြတိုက်နေတာနဲ့အတူတူပါပဲ ။ ထို့ကြောင့် PDF ဖြစ်နေရင်လည်း သက်ဆိုင်ရာအဖွဲ့အစည်းမှ မိမိတို့ထံဆက်သွယ်ပေးပါ။ ပြီးလျှင် ထိုက်သင့်သည့်အပြစ်ဒဏ်ပေးရန်နှင့် PDF မဟုတ်ပါက မိမိတို့မှ ထိရောက်စွာအရေးယူသွားပါ့မယ်။ ပြည်သူများအနေဖြင့်လည်း ယခုလိုစာများမိမိတို့အိမ်ရှေ့ရောက်လာခဲ့သည်ရှိသော် အရေးမလုပ်ကြပါနဲ့၊ စာလုံးပေါင်းအမှားတွေနဲ့ PDF ယောင်ဆောင်ကာ ငွေလိုက်တောင်းတာကို မိဘပြည်သူများအနေဖြင့် ငွေလွှဲပေးစရာမလိုပါခင်ဗျာ။”ဟု Red Wolves Of Mogok အဖွဲ့က ပြည်သူသို့အသိပေးသည်။
မိုးကုတ်မြို့ခံပြည်သူများထံ ခြိမ်းခြောက်ငွေတောင်းခံစာ ရောက်ရှိမှုအခြေအနေနှင့်ပတ်သက်၍ Red Wolves Of Mogok အဖွဲ့တာဝန်ရှိသူက “တော်တော်ကိုများနေပါပြီခင်ဗျ။ ဒီတစ်နေ့ထဲတင်ကို ငါးအိမ်ခြောက်အိမ်ရှိနေပါတယ်။ အရင်ကလည်း ရှိခဲ့ပါတယ်။ ဘယ်လိုလာပို့တယ် မသိရပါဘူး။ မနက်အိပ်ရာနိုးတဲ့အချိန် အိမ်ရှေ့မှာ စာအိတ်တွေ့လို့ကောက်ဖွင့်လိုက်တာလို့ပဲသိရပါတယ်။”ဟု ပြောသည်။
ထို့အပြင် မကွေးတိုင်း၊ ရေစကြိုမြို့နယ်တွင်လည်း PDF အမည်ခံ အဖွဲ့အစည်းတစ်ခုက Non-CDM ဝန်ထမ်းများအား ကျပ်သုံးသိန်းမှငါးသိန်းအထိ တောင်းခံနေကြောင်း သတင်းထွက်ပေါ်နေ၍ ရေစကြိုနယ်အခြေစိုက် ရေလယ်ကျွန်းဒေသ ပြည်သူ့ကာကွယ်ရေး တပ်ပေါင်းစုက ဖော်ထုတ်အရေးယူရန် စီစဥ်နေသည်။
