ပွင့်ဖြူတွင်ကျဆုံးခဲ့သည့် ရဲဘော်များအတွက်လက်စားချေလို၍ စွန်ရဲစစ်ဆင်ရေးအမည်ဖြင့် စစ်ကောင်စီတပ်နှင့်ပျူစောထီးများကို တမူးမြို့၊ ပန်သာရွာတွင်ထိုးစစ်ဆင်တိုက်ခိုက်ရာတွင် စစ်ကောင်စီတပ်သားနှင့် ပျူစောထီး ၂၅ ဦးသေဆုံးပြီး အများပြား ဒဏ်ရာရရှိသွားသည်ဟု PDF(တမူး) တပ်ရင်း- ၃က ထုတ်ပြန်လိုက်သည်။
တမူးမြို့ပန်းသာကျေးရွာရှိ စစ်ကောင်စီတပ်နှင့်ပျူစောထီးများကို တမူးမြို့၊ ပြည်သူ့ကာကွယ်ရေးတပ်မတော် တပ်ရင်း၄ ရင်းနှင့် Special Task Forceတို့က ဇွန် ၂၂ရက်တွင် ဗျူဟာကျကျ တိုက်ခိုက်ခဲ့၍စစ်ကောင်စီတပ်နှင့်ပျူများအထိ့နာခဲ့ခြင်းဖြစ်သည်။

တမူးမြို့ PDF တပ်ရင်း သုံးခုနှင့် Special Task Forceတို့က တမူးမြို့၊ ပန်းသာကျေးရွာရှိ စစ်ကောင်စီတပ်နှင့်ပျူစောထီးများကို ဇွန် ၂၂ ရက် မနက် ၁၀နာရီခွဲမှစ၍ ထိုးစစ်ဆင်ဝင်ရောက်တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။ တိုက်ပွဲမှာပြင်းထန်ပြီး ၆ နာရီကြာခဲ့ကာ ညနေ ၄နာရီခွဲခန့်တွင်မှ ပြီးဆုံးခဲ့သည်ဟုထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။
ထိုတိုက်ပွဲတွင် PDF(တမူး) တပ်ရင်း ၁၊ ၂ ၊ ၃ တို့နှင့် Special Task Forceတို့ကဝင်ရောက်တိုက်ခိုက်ခဲ့ပြီး PDF(တမူး) တပ်ရင်း ၄ က ဖြတ်တောက်ရေးတာဝန်ယူခဲ့သည်။

တိုက်ပွဲဖြစ်ပွားချိန်တွင် စစ်ကောင်စီတပ်များက စစ်ကားနှစ်စီးဖြင့် စစ်ကူပေးရန် တက်လာခဲ့သေးသည်ဟုလည်းပါရှိသည်။ ပျူစောထီးများကလည်း ရွာအတွင်းရှိ နှစ်ထပ်အိမ်များအောက်ထပ်တွင် ကြိုတင်စီစဉ်ထားသည့် ကတုတ်ကျင်းများနှင့် အပေါ်ထပ် ဘန်ကာများအတွင်းမှ ခြေကုတ်ယူကာ PDF များကိုပြန်လည် ခုခံတိုက်ခဲ့သည်။
တိုက်ပွဲတွင်ပြင်းထန်ပြီး စစ်ကောင်စီတပ်သားနှင့်ပျူစောထီး ၂၅ ဦးသေဆုံးကာ အများအပြား ဒဏ်ရာရရှိပြီး ဗန်မော်ကျေးရွာဘက်ကို ဆုတ်ခွာသွားသည်။ ပြည်သူ့ကာကွယ်ရေးတပ်များဘက်မှ ရဲဘော် ၅ ဦး မစိုးရိမ်ရ ဒဏ်ရာရရှိခဲ့သည်။

စစ်ကောင်စီတပ်နှင့်ပျူများသေဆုံးမှုအရေအတွက်ကို People’s Spring က သီးခြားအတည်မပြုနိုင်သေးပါ။ တမူးPDF ကိုအသေးစိပ်မေးမြန်ရန် ဆက်သွယ်နိုင်ရန်ကြိုးစားနေပါသည်။
ယမန်နှစ်ကပန်းသာရွာတွင်ပျူစောထီးများက ပစ်ခတ်၍ကျဆုံးခဲ့သော ရဲဘော်စွန်ရဲ အမည်အား ဂုဏ်ပြုခြင်းနှင့် ပွင့်ဖြူတွင် ကျဆုံးခဲ့သည် ညီနောက်ရဲဘော်များအတွက် လက်စားချေခြင်းဖြစ်သည်ဟု PDF(တမူး)က အသိပေးသည်။
