▪️ပြည်သူလူထုအား လက်နက်ကြီးဖြင့် ရမ်းသန်းပစ်ခတ်၍ KIAက တုံ့ပြန်တိုက်ခိုက်ခြင်းဟု အသိပေးထား
ကချင်ပြည်နယ် ဖားကန့်မြို့နယ်တွင် အကျဉ်းထောင်စောင့်သည့် စစ်ကောင်စီတပ်ကို ကချင်လွတ်လပ်ရေးတပ်မတော်(KIA)က ယနေ့နံနက်တွင် လက်နက်ကြီးဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်မှ သေဆုံးထိခိုက်မှုရှိခဲ့ကြောင်း KIA သတင်းပြန်ကြားရေးက သတင်းဖော်ပြသည်။
ဖားကန့်မြို့နယ်၊ လုံးခင်းကျေးရွာအုပ်စု မဇွပ်ယာန်ရွာရှိ အကျဉ်းထောင်စောင့်သည့် စစ်ကောင်စီတပ်နှင့် ရဲတပ်ဖွဲ့ကို ယနေ့ (ဇွန်လ ၂၂ရက်)နံနက် ၄နာရီခွဲက လက်နက်ကြီးဖြင့် ပစ်ခတ်တိုက် ခိုက်ခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။
စစ်ကောင်စီတပ် ခလရ (၇၆) ၊ အမှတ် (၂၈၊ ၃၀) ရဲတပ်ဖွဲ့ ပူးပေါင်းတပ်တို့ အကျဉ်းထောင် စောင့်နေချိန် တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်ဘက်က သေဆုံးထိခိုက်မှုရှိခဲ့ပြီး စခန်းလည်း ပျက်စီးမှုရှိခဲ့သည်ဟု ဖော်ပြထားသည်။
အဆိုပါ စစ်ကောင်စီတပ်နှင့် ရဲများသည် ဇွန်လ ၂၀ရက်နှင့် ၂၁ရက်က ပြည်သူလူထုများနေထိုင်ရာ ကျေးရွာများဘက်သို့လက်နက်ကြီးများ ရမ်းသမ်းပစ်ခတ်ခဲ့ရာ ပြည်သူ သုံးဦးထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း၊ ထို့ကြောင့် KIAက လက်နက်ကြီးဖြင့်တုံ့ပြန် တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း KIA သတင်းပြန်ကြားရေးဌာနက အသိပေးထားသည်။
ထိုသို့ တိုက်ခိုက်ခံရခြင်းကြောင့် စစ်ကောင်စီတပ်က လမ်းပိတ်ဆို့ကာ ဖြတ်သွားဖြတ်လာ ပြည်သူများကို စစ်ဆေးရှာဖွေမှုများ ပြုလုပ်လျက်ရှိသည်ဟု ဆိုသည်။
