ချင်းပြည်နယ်၊ ကန်ပက်လက်မြို့နယ်တိုက်ပွဲများတွင် အထိနာခဲ့ပြီး ပြန်ဆုတ်လာသောစစ်ကောင်စီတပ်ကိုမကွေးတိုင်းအရောက်၌ PDFနှစ်ဖွဲ့ ဆီးကြိုတိုက်ခိုက်မှုကြောင့် စစ်ကောင်စီတပ်သား နှစ်ဦးသေဆုံးပြီး ၁၀ယောက်ခန့် ထိခိုက်ဒဏ်ရာရရှိခဲ့သည်ဟု PDF(ဆော)က ယနေ့သတင်းထုတ်
ပြန်သည်။
ချင်းပြည်နယ်၊ ကန်ပက်လက်တွင် ၃၀ ကျော်သေဆုံးဒဏ်ရာရခဲ့သောစစ်ကောင်စီတပ်စစ်ကြောင်းသည်အင်အား၁၅၀ခန့်ဖြင့်ကန်ပက်လက်မှ ပြန်ဆုတ်လာရာ မကွေးတိုင်း ဆော-ကျောက်ထုလမ်းပိုင်းရှိ ပိန်းချောင်းတံတားအနီးအရောက်တွင် PDF(ဆော) နှင့် The Youth Fouth (ဆောနှင့်ကျောက်ထု)တပ်တို့က ယနေ့ ညနေ ၄နာရီခန့်က စောင့်ကြိုတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။
၄၅မိနစ်ခန့်ကြာသောတိုက်ပွဲတွင် PDF(ဆော) တပ်ရင်း ၂ (YRPA)၏ စနိုက်ပါ ပစ်ခတ်မှုကြောင့် စစ်ကောင်တပ်သား နှစ်ဦးသေဆုံးခဲ့ခြင်းဖြစ်သည်ဟုထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။
ထိုအပြင် PDF(ဆော)၏ လက်နက်ကြီး ထိမှန်မှုကြောင့် စစ်ကောင်စီတပ်သား ၁၀ ဦးခန့်လည်း ထိခိုက်ဒဏ်ရာရရှိခဲ့သည်ဟုလည်းအသိပေးထားသည်။
ပြည်သူ့ကာကွယ်ရေးတပ်များဘက်မှာ လက်နက်ကြီးပြောင်းကွဲမှုများရှိသော်လည်း အထိအခိုက်မရှိ အောင်မြင်စွာဆုတ်ခွာနိုင်ခဲ့သည်ဟုဖော်ပြထားသည်။
ထို့အပြင်တော်လှန်ရေးအတွက်လက်နက်ခဲယမ်းမပြည့်စုံသေး၍ ဝန်းရံအားဖြည့် ကူညီပေးပါရန်လည်း PDF (ဆော)ကပြည်သူလူထုကိုမေတ္တာရပ်ခံထားသည်။
