●သို့သော် ပြည်တွင်း၊ပြည်ပ ဘဏ်များ၏ နိုင်ငံခြားငွေများထဲမှ ၅ရာခိုင်နှုန်းကို ကျပ်ငွေဖြင့်လဲရန် ဖိအားပေးနေ
စစ်ကောင်စီ၏ ဗဟိုဘဏ်က ပြည်တွင်းရှိ နိုင်ငံခြားကုမ္ပဏီများပိုင်ဆိုင်သည့် နိုင်ငံခြားငွေကိုအတင်းအကျပ်လဲလှယ် ခိုင်းခြင်းမှ ကင်းလွတ်ခွင့်ပြုရန် စီစဉ်နေကြောင်း ဘဏ်လုပ်ငန်း အသိုင်းအဝိုင်းမှစုံစမ်းသိရသည်။
ထိုသို့ကင်းလွတ်ခွင့်ပြုရာတွင်လည်း စစ်ကောင်စီ၏ရင်းနှီးမြှပ်နှံမှုကော်မရှင်ထံမှ ခွင့်ပြုမိန့် နှင့် အတည်ပြုချက်ရယူထားသည့် ကုမ္ပဏီများသာ ပါရှိမည်ဖြစ်သည်ဟု စစ်ကောင်စီ၏ဗဟိုဘဏ်က ဘဏ်လုပ်ငန်းရှင်များကို အသိပေးထားခြင်းဖြစ်သည်ဟု ဘဏ်လောကမှသတင်းမြစ်အချို့ကပြောသည်။
ထိုအပြင်စစ်ကောင်စီ၏ဗဟိုဘဏ်က ပြည်တွင်းဘဏ်များကပိုင်ဆိုင်ထားသည့်နိုင်ငံခြားငွေများ၏ ၅ ရာခိုင်နှုန်းကိုလည်း ကျပ်ငွေအဖြစ်ပြောင်းလဲရန်လည်း ဖိအားပေးနေကြောင်းဘဏ်လုပ်ငန်းရှင်အချို့ကပြောသည်။
ထိုထဲတွင် ပြည်တွင်းတွင် ဖွင့်လှစ်ထားသည့် နိုင်ငံခြားဘဏ်များ၊ နိုင်ငံခြားဘဏ်ခွဲများ၏ ပိုင်ဆိုင်ထားသည့် ငွေစာရင်းများလည်းပါဝင်သည်ဟုသိရသည်။
“နိုင်ငံခြားဘဏ်စာရင်းတွေလည်းပါမယ်လည်းဆိုပြီး ပြန်ပြီး ပယ်ဖျက်ပေးမယ်( နိုင်ငံခြားကုမ္ပဏီများကိုတစ်ရက်အတွင်းငွေလဲခိုင်းခြင်းမှ ပယ်ဖျက်ရန်) ဖြစ်သွားတာ”ဟု ဘဏ်လုပ်ငန်းရှင်တစ်ဦးကပြောသည်။ ပြည်တွင်း၌ နိုင်ငံခြားဘဏ်နှင့် ကိုယ်စားလှယ်ရုံးဖွင့်ထားသော ဘဏ် ၁၃ ခုရှိသည်။
နိုင်ငံဝင်ငွေရရှိသည့် လုပ်ငန်းများကို အလုပ်လုပ်ရက်တစ်ရက်အတွင်း တစ်ဒေါ်လျှင် ၁၈၅၀ကျပ်နှုန်းဖြင့် ကျပ်ငွေအဖြစ်ပြောင်းလဲရမည်ဟု စစ်ကောင်စီက ဧပြီ ၃ ရက်က စတင်ညွန့်ကြားဖိအားပေးခဲ့သည်။ ညွှန့်ကြားချက်ကို မလိုက်နာပါက အရေးယူမည်ဟုလည်းခြိမ်းခြောက်ထားသည်။
သို့သော်လည်း စစ်တပ်ပိုင်မြန်မာ့စီးပွားရေးဦးပိုင်လီမိတက် နိုင်ငံခြားငွေစာရင်းများကို ခြွင်းခြက်အဖြစ်ကင်းလွတ်ခွင့်ပြုရန်လည်း ဘဏ်များကို စစ်ကောင်စီက ညွန့်ကြားထားသည်ဟုလည်း ဘဏ်လုပ်ငန်းရှင်များကဆိုသည်။
