ကျိုက်ထိုမြို့နယ်အတွင်း စစ်အင်အားအပြည့်ဖြင့် မောင်းနှင်လာသော စစ်ကောင်စီယာဉ်တန်းကို ယမန်နေ့က မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်မှ ၁၀ဦး သေဆုံးပြီး ၁၅ဦး ဒဏ်ရာရခဲ့ကြောင်း ကရင်အမျိုးသားအစည်းအရုံး(KNU) ဗဟိုက သတင်းထုတ်ပြန်သည်။
ပဲခူးမှ သထုံမြို့ဘက်သို့ ဦးတည်မောင်းနှင်လာသည့် စစ်ကောင်စီတပ်ကို ဇွန်လ ၇ရက် နံနက်က ကျိုက်ထိုမြို့နယ် ဒေါင်းတောင်အရောက်တွင် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA)နှင့် ပူးပေါင်းတပ်ဖွဲ့များက ကြားဖြတ်တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။

စစ်ကောင်စီယာဉ်တန်းကို မိုင်းဆွဲတိုက်ခိုက်အပြီးတွင် စစ်ကောင်စီယာဉ်တန်းနှင့်KNLA တပ်များ မိနစ်အနည်းငယ်အကြာ အပြန်အလှန်ပစ်ခတ်ခဲ့ကြောင်း၊KNLAနှင့်ပူးပေါင်းအဖွဲ့တို့ ထိခိုက်မှုမရှိ ပြန်လည် ဆုတ်ခွာနိုင်ခဲ့ကြောင်း ထုတ်ပြန်ခဲ့သည်။
ယခုတစ်ပတ်အတွင်း၌ KNU သထုံခရိုင်အတွင်း အာဏာသိမ်း စစ်ကောင်စီ လက်အောက်ခံတပ်များမှ စစ်ရေးလှုပ်ရှားမှုများနှင့် စစ်အင်အားတိုးချဲ့လာခြင်းကြောင့် နယ်မြေခံ KNLA/KNDO ပူးပေါင်းတပ်ဖွဲ့များနှင့် စစ်ကောင်စီတပ်များအကြား မကြာခဏ ထိတွေ့ပစ်ခတ်မှုများဖြစ်ပွားလျှက် ရှိသည်ဟု ဆိုသည်။
