စစ်ကိုင်းတိုင်း၊ ရေဦးမြို့နယ်တွင်ကျေးရွာတစ်ရွာအား မီးရှို့ဖျက်ဆီးသွားသည့်စစ်ကောင်စီတပ်ကို ဒေသတွင်းပူးပေါင်းအဖွဲ့ကတိုက်ခိုက်ခဲ့ရာသေဆုံးထိခိုက်မှုများရှိကြောင်း ဗိုလ်မုတ်ဆိတ်အဖွဲ့က ပြောသည်။
ယမန်နေ့ကရေဦးမြို့နယ် ချမ်းသာရွာကိုမီးတင်ရှို့သွားသော အကြမ်းဖက်စစ်ကောင်စီတပ်များသည် ယနေ့ (ဇွန်လ ၈ ရက်) နံနက် ၇နာရီ ကျော်တွင် ၎င်းတို့စခန်းချရာသို့အပြန် ရွာမိဿာရွာ နှင့် ညောင်လှမူးဆုံကြားအရောက်၌ပူးပေါင်းအဖွဲ့ကအသင့်စောင့်ကြိုတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း ဗိုလ်မုတ်ဆိတ်အဖွဲ့က ပြောသည်။
၁၀မိနစ်ခန့်ထိပ်တိုက်တိုက်ပွဲဖြစ်ပွားခဲ့ပြီးအကြမ်းဖက်စစ်တပ်ဘက်မှ အသေအပျောက်ရှိကာ အတိအကျမသိရသေးကြောင်းဗိုလ်မုတ်ဆိတ်က ပြောသည်။
တော်လှန်ရေးအဖွဲ့ပေါင်းစုံမှလက်ဦးမှုဖြင့်ပြောက်ကြားတိုက်ခိုက်ခဲ့ကြပြီးတော်လှန်ရေးသမားများအထိအခိုက်မရှိကြောင်း ၊အကြမ်းဖက်စစ်တပ်ဘက်မှ (၁၀)ဦးထက်မနည်း ထိခိုက်ဒဏ်ရာရရှိသွားကြောင်းဒေသခံတစ်ဦးကပြောသည်။
ဒဏ်ရာရစစ်သားများအားရေဦး- မုံရွာလမ်းပေါ်ဖြတ်သန်းသွားသော ကားများအား စစ်သားများကတားဆီးပြီးတင်သွားခဲ့ကြောင်းလည်း ဒေသခံတစ်ဦးက ပြောသည်။
ဗိုလ်မုတ်ဆိတ်အဖွဲ့၊Freedom Revolution Force (FRF)တပ်ဖွဲ့၊DRPA တပ်ဖွဲ့၊ရေဦးမြို့နယ် ပကဖပူးပေါင်းအဖွဲ့ စသည့်တပ်ဖွဲ့ တို့က ပူးပေါင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။
အကြမ်းဖက်စစ်တပ်သည်ယမန်နေ့(ဇွန်လ၇ရက်) ညနေပိုင်းကရေဦးမြို့နယ် ချမ်းသာရွာမှ ပြည်သူပိုင်နေအိမ်ပေါင်း ၁၁၀ခန့်ကိုမီးရှို့ဖျက်ဆီးသွားကြောင်းဒေသခံများကပြောသည်။
