ကေအဲန်ယူထိန်းချုပ်နယ်မြေ တပ်မဟာ ၁ သထုံခရိုင်ထဲမှာ စစ်ကောင်စီတပ်က လက်နက်ကြီးနဲ့အဆက်မပြတ် ပစ်ခတ်မှုကြောင့် ကျေးရွာလေးရွာက ဒေသခံပြည်သူ(၃၀၀၀) ကျော်ဟာ ဘေးလွတ်ရာကို ထွက်ပြေးတိမ်းရှောင်နေကြရပါတယ်။
ဇွန်လ ၁ ရက်နေ့ကစပြီး ဒီကနေ့ ဇွန် ၉ ရက်အထိ စစ်ကောင်စီရဲ့ ခမရ(၉)ဝီယော်စခန်းကနေ လက်နက်ကြီးတွေနဲ့အဆက်မပြတ် ပစ်ခတ်မှုတွေကြောင့် ကေအဲန်ယူ-သထုံမြို့နယ် ဝီယော်ကျေးနယ်အုပ်စုရှိ ဝီယော်၊ သုံးအိမ်စု၊ ထုံးဘိုလေးနဲ့ ထုံဘိုးကြီးကျေးရွာလေးရွာက ဒေသခံပြည်သူ(၃၀၀၀) ကျော်ဟာ အနီးအနားကျေးရွာက ဆွေမျိုးများထံ ထွက်ပြေးတိမ်းရှောင်နေကြရပြီး တချို့ကတော့ နီးစပ်ရာမြို့တွေမှာ သွားရောက်ခိုလှုံနေကြရတယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။


အခုချိန်ဟာ မိုးတွင်းကာလဖြစ်လို့ တိုက်ပွဲကြောင့် တိမ်းရှောင်နေရတဲ့ စစ်ရှောင်ပြည်သူတွေမှာ အခက်အခဲများစွာကြုံတွေ့နေရကြောင်း ကေအဲန်ယူ သထုံမြို့နယ် တာဝန်ရှိသူတစ်ဦးက ဆိုပါတယ်။
“မိုးတွင်းဆိုတော့ နေရာထိုင်ခင်းအခက်အခဲ၊ မိုးလုံ၊ အခြေခံအစားအစာဖြစ်တဲ့ ဆန်၊ ဆီ၊ ဆားနဲ့ ဆေးဝါးများ အရေးပေါ်လိုအပ်တယ် ခြင်လည်းပေါတော့ တုတ်ကွေးလည်းကြောက်ရတယ်” လို့ အဆိုပါတာဝန်ရှိသူက ဆိုပါတယ်။

ကေအဲန်ယူ-သထုံမြို့နယ်အတွင်းမှာ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNLA နဲ့ စစ်ကောင်စီတပ်တို့အကြား ထိတွေ့ပစ်ခတ်မှု မကြာခဏရှိနေပြီး ဇွန် ၁ ရက်နေ့ကစတင်ကာ ဝီယော်ကျေးရွာမှာ စခန်းချတပ်စွဲထားတဲ့ စစ်ကောင်စီရဲ့ ခမရ(၉) တပ်စခန်းကနေ လက်နက်ကြီးတွေ ဆက်တိုက်ပစ်ခတ်နေတာဟာ ဒီကနေ့အချိန်အထိဖြစ်တယ်လို့ ကေအဲန်ယူက ထုတ်ပြန်ထားပါတယ်။
