ကရင်နီ(ကယား)ပြည်နယ်၊ ဒီးမော့ဆိုမြို့မ ရဲစခန်းအနီး ကင်းပုန်းချထားသော စစ်ကောင်စီတပ်ကို ယနေ့ ည ၇ နာရီခန့်က သွားရောက်တိုက်ခိုက်ခဲ့ကြောင်း ကရင်နီအမျိုးသားများကာကွယ်ရေးတပ်(KNDF)တပ်ရင်း – ၁၀ က ထုတ်ပြန်သည်။
ပစ်ခတ်တိုက်ခိုက်မှုဖြစ်စဥ်တွင် စစ်ကောင်စီတပ်၏ ထိခိုက်မှုအခြေအနေကို မသိရသေးဘဲ KNDF ရဲဘော်များထိခိုက်မှု တစ်စုံတစ်ရာမရှိခဲ့ဘဲ ပြန်လည်ဆုတ်ခွာနိုင်ခဲ့သည်ဟု ဆိုသည်။
ထို့အပြင် ဒီးမော့ဆိုမြို့နယ် ပူဖားကျေးရွာတွင် ယနေ့ နံနက်ပိုင်းက စစ်ကောင်စီတပ်နှင့် KNDF တပ်ရင်း – ၆ တို့ ၄၅မိနစ်ကြာ ထိတွေ့တိုက်ပွဲ ဖြစ်ပွားခဲ့သည်။
ထိုဖြစ်စဥ်တွင်လည်း စစ်ကောင်စီတပ်၏ ထိခိုက်မှုကို အတည်မပြုနိုင်သေးပေ။ ယခုလ ၄ ရက်ကစ၍ စစ်ကောင်စီတပ်က ဒီးမော့ဆိုမြို့နယ်၌ ဒေါပိုးစီမှ စစ်ကြောင်းနှစ်ကြောင်းနှင့် ဟိုဖိတ်စိုက်ကွင်းဖက်မှ စစ်ကြောင်းတစ်ကြောင်း စုစုပေါင်းသုံးကြောင်းဖြင့် ဝင်ရောက်လာခဲ့သည်ဟု KNDFက အသိပေးသည်။
အဆိုပါ စစ်ကြောင်းများနှင့် ဇွန် ၄ ရက်နေ့လည် ၁၂ နာရီခန့်တွင် KNDF တပ်ရင်း – ၉ ရဲဘော်များနှင့် ထိတွေ့ပစ်ခတ်မှု မိနစ်အနည်းငယ်ဖြစ်ပွားခဲ့သည်။
ထို့နောက် ယမန်နေ့ (ဇွန် ၅ ရက်) နံနက် ၈နာရီခွဲခန့်တွင် စစ်ကောင်စီဘက်မှ တစ်ဖက်သတ် ရမ်းသမ်းပစ်ခတ်နေကြောင်းသိရပြီးနောက် နံနက် ၁၁နာရီခန့်တွင် (စကစ) များပုန်းခိုနေသည့်နေရာသို့ ပြောက်ကျားတိုက်ခိုက်မှု ပြုလုပ်ခဲ့ကြောင်း KNDF တပ်ရင်း – ၉က ပြောသည်။
ထိုတိုက်ပွဲတွင် စစ်ကောင်စီဘက်မှ အရာအရှိအပါအဝင် ၁၀ဦးထက်မနည်း ထိခိုက်ဒဏ်ရာအမျာအပြားရရှိကြောင်းတွေ့ရှိသည်ဟု KNDFက ဆိုသည်။
လက်ရှိ ကရင်နီပြည်နယ်၌ ဒီးမော့ဆိုအပါအဝင် လွိုင်ကော်၊ဖရူဆို၊ဘောလခဲနှင့် ရှမ်းပြည်နယ်နှင့်အစပ် ဖယ်ခုံ တို့တွင် စစ်ကောင်စီတပ်က အင်အားတိုးချဲ့ကာ စစ်ကြောင်းထိုးနေ၍ ကရင်နီတပ်ပေါင်းစုများနှင့် နေ့စဥ်တိုက်ပွဲ ဖြစ်ပွားနေသည်။
