အာဏာသိမ်းစစ်ကောင်စီ၏ ခမရ (၉) လက်အောက်ခံ ဝီယော်တပ်စခန်းမှ လက်နက်ကြီးများဖြင့် အဆက်မပြတ် ပစ်ခတ်နေ၍ သထုံမြို့နယ် ဝီယော်ဒေသရှိ ရွာ လေးရွာမှ ဒေသခံ ၃,၀၀၀ ကျော် ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်း ရှောင်နေကြရသည်ဟု ကရင်အမျိုးသားအစည်းအရုံး (KNU)ဗဟို သတင်းပြန်ကြားရေးဌာနက ထုတ်ပြန်သည်။
စစ်ကောင်စီတပ်သည် ဇွန်လ ၁ရက်မှစကာ လက်နက် ကြီးများဖြင့် နေ့စဉ် အဆက်မပြတ်ပစ်ခတ်နေကြောင်း၊ ထို့ကြောင့် ဝီယော်၊ သုံးအိမ်စု၊ ထုံးဘိုလေး၊ ထုံးဘိုကြီး ရွာများမှ ဒေသခံများ တိမ်းရှောင်နေရကြောင်း ဖော်ပြထားသည်။

ထိုသို့ တိမ်းရှောင်နေကြရသည့် ဒေသခံပြည်သူလူထု အနေဖြင့် မိုးတွင်းကာလဖြစ်၍ အခက်အခဲများစွာ ကြုံနေရသည်ဟု KNU သထုံမြို့နယ် တာဝန်ရှိသူတစ်ဦးက ပြောကြားကြောင်း ထုတ်ပြန်ချက် ၌ ဖော်ပြသည်။

“မိုးတွင်းဆိုတော့ နေရာထိုင်ခင်းအခက်အခဲ၊ မိုးလှုံ၊ အခြေခံအစားအစာဖြစ်တဲ့ ဆန်၊ ဆီ၊ ဆားနဲ့ ဆေးဝါးများ အရေးပေါ်လိုအပ်တယ် ခြင်လည်းပေါတော့ တုတ်ကွေးလည်းကြောက်ရတယ်”ဟု ၎င်းက ဆိုသည်။

ဒေသခံ ပြည်သူလူထုများရှိရာသို့လက်နက်ကြီးများဖြင့် ပစ်ခတ်နေသော ဝီယော်တပ်စခန်းကို ကရင်အမျိုးသားအစည်းအရုံး(KNU) လက်အောက်ခံ KNLA၊ KNDOနှင့် ပူးပေါင်း တပ်ဖွဲ့များ၊ ဒေသခံ PDFများ က မေလ ၅ရက်တွင် သွားရောက်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်မှ ထိခိုက်ကျဆုံးများနိုင်ကြောင်း သထုံ PDFက ထုတ်ပြန်ထားသည်။
