စစ်ကောင်စီတပ်မှ ပစ်ခတ်သည့်လက်နက်ကြီးကျည်ဖြစ်ဟုဆို
စစ်ကိုင်းတိုင်း အင်းတော်မြို့နယ်တွင် ခြံဝန်းအတွင်းကျနေသော လက်နက်ကြီးကျည် ထပေါက်ရာမှ အမျိုးသမီးတစ်ဦးသေဆုံးသွားကြောင်း Indaw Revolution-IR က ယနေ့(ဇွန် ၆) ထုတ်ပြန်သည်။
ယနေ့ နေ့လယ် ၂ နာရီခန့်က အင်းတော်မြို့နယ် မဲဇာရွာရှိ အသက်(၅၀)ခန့်အရွယ် အမျိုးသမီးတစ်ဦးသည် ၎င်း၏နေအိမ်ခြံဝန်းအတွင်း ကျရောက်နေသော မပေါက်ကွဲသေးသည့် လက်နက်ကြီးကျည်တစ်လုံးကို ကောက်ကိုင်၍ ပစ်မည်ပြုစဥ် ပေါက်ကွဲသွားခြင်းဖြစ်သည်ဟု ဖော်ပြသည်။

“အဲဒီအမျိုးသမီးကြီးက သူ့ခြံထဲတံမြက်စည်းလှဲနေတာပေါ့။ ခြံထဲပတ်လှဲတော့ မပေါက်သေးတဲ့ လက်နက်ကြီးကျည်တစ်လုံး သွားတွေ့တယ်။ ဒါကိုသူက ကောက်ပစ်မယ်အလုပ်မှာ ပေါက်ကွဲသွားတာ”ဟု IR Team မှ တော်လှန်ရေးရဲဘော်တစ်ဦးက ပြောသည်။
အဆိုပါလက်နက်ကြီးကျည်မှာ လွန်ခဲ့သောသုံးရက်ခန့်က စစ်ကောင်စီလက်အောက်ခံ မဲဇာနယ်မြေရဲစခန်းမှ ရမ်းသမ်းပစ်ခတ်ထားသည့် ကျည်ဖြစ်ပြီး 79 ကျည်အမျိုးအစားဖြစ်ကြောင်း ၎င်းက ဆက်ပြောသည်။
လက်နက်ကြီးကျည်ထိမှန်၍ သေဆုံးသွားသော မဲဇာရွာသူအမျိုးသမီးတွင် ၎င်း၏အမျိုးသားနှင့်အတူ သမီးတစ်ဦးကျန်ရစ်ခဲ့ကြောင်း သိရသည်။
