ကျိုက်ထိုမြို့နယ်အတွင်းမှာ စစ်ကောင်စီတပ်က စစ်ကြောင်းထိုးတက်လာပြီး လက်နက်ကြီးနဲ့ပစ်ခတ်ခဲ့လို့ ဒေသခံတချို့ ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ ကေအဲန်ယူက သတင်းထုတ်ပြန်ထားပါတယ်။
ဇွန်လ ၂ ရက်က အင်အား(၂၀၀)ကျော်ရှိတဲ့ စစ်ကောင်စီစစ်ကြောင်းဟာ ကေအဲန်ယူထိန်းချုပ်နယ်မြေဖြစ်တဲ့ ဒူးသထူခရိုင် တပ်မဟာ၁ ကျိုက်ထိုမြို့နယ် ပျဉ်းကတိုးကုန်းကျေးနယ် ဧက ၁၀၀ ကျောက်မိုင်းဘက်ကို နယ်မြေကျော်ရောက်ရှိလာခဲ့တာပါ။
စစ်ကောင်စီတပ်က စစ်ကြောင်းထိုးလာချိန် မနက် ၈ နာရီအချိန်မှာတော့ မုပ္ပလင်လမ်းဆုံကနေ လက်နက်ကြီး (၁၀)ချက်ခန့် ရမ်းသမ်းပစ်ခတ်ခဲ့တယ်လို့ ကေအဲန်-ကျိုက်ထိုမြို့နယ် သတင်းဌာနခွဲထံကနေ သိရပါတယ်။
ဒီလို စစ်ကောင်စီတပ်ရဲ့ လက်နက်ကြီးရမ်းသမ်းပစ်ခတ်မှုကြောင့် အများကြီးထိခိုက်ပျက်စီးမှု မရှိပေမယ့် ဒေသခံပြည်သူတွေကတော့ ဘေးလွတ်ရာကို ထွက်ပြေးတိမ်းရှောင်နေကြရတယ်လို့ ကေအဲန်ယူရဲ့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။
