ကလေးမြို့နယ် နတ်ချောင်းရွာကို အကြမ်းဖက်စစ်ကောင်စီတပ်ကငါးကြိမ်မြောက် မီးရှို့ဖျက်ဆီးသွားပြီးဒေသခံများနှင့် ပြည်သူ့ကာကွယ်ရေးတပ်များကို ဆဲဆိုထားသည့် စာများလည်း အိမ်နံရံများတွင်ရေးသား ကြိမ်းမောင်းသွားခဲ့သည်။
နတ်ချောင်းရွာကိုမေလ ၃၁ရက်မှ ဇွန်လ ၄ရက်အတွင်း စစ်ကောင်စီတပ်ကထပ်မံ မီးရှို့ဖျက်ဆီးခြင်းဖြစ်ပြီး တိုက်အိမ်ကြီးအချို့အပါအဝင် နေအိမ် ၄၆လုံးမီးထဲပါသွားခဲ့သည်ဟု ထွက်ပြေးတိမ်းရှောင်နေရသည့် ဒေသခံများကပြောသည်။
“ဒါနဲ့ဆို ငါးကြိမ်မြောက်မီးရှို့တာပဲ။ စစ်ကောင်စီအမျိုးတွေရဲ့ အိမ်တွေလည်း မီးထဲပါတာပဲ။ ခဏခဏ မီးရှို့ခံရလို့ အိမ်မီးထဲပါတာတောင်ဝမ်းနည်းရမှန်းမသိတော့ပါဘူး” ဟု နတ်ချောင်းရွာခံအမျိုးသမီးတစ်ဦးကပြောသည်။

မီးရှို့ပြီးနောက် ပျက်စီးနေသည့် တိုက်အိမ်အချို့မှ နံရံများတွင် ညစ်ညမ်းသော အသုံးအနှုံးများဖြင့် ခြိမ်းခြောက်စာများကို စစ်ကောင်စီတပ်ဖွဲ့ဝင်များကရေးသွားခဲ့သည်ဟုလည်းဒေသခံများကပြောသည်။ အကြမ်းဖက်စစ်တပ်သည်နိုင်ငံတစ်ဝန်း ၎င်းတို့အားပြင်းပြင်းထန်ထန်ခုခံတွန်းလှန်စစ်ဆင်နွှဲနေသော PDF များကို အညှိုးအတေးထားသော်လည်း နတ်ချောင်းရွာတွင်ဖျက်ဆီးသွားသော စစ်တပ်သည် PDF ကို စလုံးပေါင်းမှန်အောင်မရေးနိုင်ဘဲ PTS ဟုရေးသွားသည်ကိုလည်းတွေ့ရသည်။

နတ်ချောင်းရွာကို ၂၀၂၁ ဒီဇင်ဘာလမှစ၍အကြမ်းဖက်စစ်ကောင်စီတပ်ကမကြာခဏလာရောက် မီးရှို့ဖျက်ဆီးခြင်းဖြစ်ပြီး ယခုတစ်ကြိမ်နှင့်ဆိုလျှင် ငါးကြိမ်မြောက်ဖြစ်သည်။ ငါးကြိမ်တွင် စုစုပေါင်း အိမ်ခြေ သုံးရာခန့်မီးရှို့ဖျက်ဆီးခံထားရသည်ဟု ဒေသခံများကပြောသည်။
“ထွက်ပြေးနေရတုန်းပဲ။ အိမ်ပြန်လို့မှမရဘဲ။ စိတ်ကူးပေါက်တိုင်း မီးလာရှို့နေတာဆိုတော့ ဘယ်ပြန်ရဲတော့မလဲ”ဟုဒေသခံတစ်ဦးကပြောသည်။

နတ်ချောင်းရွာသည် အိမ်ခြေ နှစ်ထောင်ခန့်ရှိပြီး ကလေးမြို့နယ်နှင့် ချင်းတောင်ဒေသကို ဆက်သွယ်ရာတွင်အချက်အချာကျသည့် ရွာကြီးဖြစ်သည်။ စစ်ကောင်စီက အညိုးတကြီး ဖျက်ဆီးနေသော်လည်း လတ်တလောကြုံတွေ့နေရသော အခက်အခဲများကို တော်လှန်ရေးအောင်မြင်သည်အထိ တောင့်ခံသွားမည်ဟု ဒေသခံများကပြောသည်။
