သထုံမြို့နယ်၊ သိမ်ဆိပ်တိုက်နယ်ရှိ စစ်ကောင်စီ၏ဝီယော်စခန်းအား ကရင်အမျိုးသားအစည်း အရုံး(KNU) လက်အောက်ခံ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်(KNLA)နှင့် ပြည်သူ့ကာကွယ်ရေးတပ်(PDF) ပူးပေါင်းတပ်ဖွဲ့တို့က ယနေ့ သွားရောက်ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း သထုံ PDFက သတင်းထုတ်ပြန်သည်။
ဇွန်လ ၅ရက် ညနေ ၅နာရီအချိန်တွင် ဝီယော်စခန်းကို KNLA တပ်မဟာ(၁) တပ်ရင်း(၂)၊ တပ်မဟာ(၁) PDFပူးပေါင်းအဖွဲ့၊ သထုံ PDF၊ ဘီးလင်းမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (ပကဖ)တို့မှပူးပေါင်း တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။
အဆိုပါ စစ်ကောင်စီတပ်စခန်းကို လက်နက်ကြီးလက်နက်ငယ်များဖြင့်သွား ရောက်ပစ်ခတ်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီဘက်မှ ထိခိုက်အကျဆုံးများနိုင်ပြီး အတိကျမသိရသေးကြောင်း ထုတ်ပြန်ထားသည်။
ဇွန်လ ၁ရက်က စစ်ကောင်စီ၏ ဝီယော်စခန်းမှ ဗိုလ်ကြီး တစ်ဦးနှင့် တပ်ကြပ်တစ်ဦးကို သထုံမြို့နယ် ထုံးဘိုကြီးကျေးရွာတွင် KNLA/PDF ပူးပေါင်းတပ်က ဖမ်းဆီးခဲ့သည်။ ထိုသို့ ဖမ်းဆီးခဲ့သည့် စစ်ကောင်စီတပ်ဖွဲ့ဝင် နှစ်ဦးကို ပြန်မလွှတ်ပေးပါက ထုံးဘိုကြီးနှင့်ထုံးဘိုလေး ရွာများသို့ လက်နက်ကြီးဖြင့် ပစ်ခတ်မည်ဟု စစ်ကောင်စီတပ်က ခြိမ်းခြောက်ခဲ့သည်။
ဇွန်လ ၂ရက်ကလည်း ဝီယော်ကျေးရွာအနီးတွင် တိုက်ပွဲဖြစ်ခဲ့ရာ စစ်ကောင်စီတပ်မှ သေဆုံးထိခိုက်ရှိခဲ့သည်။ စစ်ကောင်စီတပ်ကလည်း ထုံးဘိုကြီးနှင့်ထုံးဘိုလေးကျေးရွာသို့ လက်နက်ကြီးများဖြင့် ပစ်ခတ်ခဲ့၍ ဒေသခံပြည်သူများ စစ်ဘေးတိမ်းရှောင်နေကြရသည်။
