ကရင်နီ(ကယား)ပြည်နယ် ဖရူဆိုမြို့ အခြေစိုက် စစ်ကောင်စီ၏ ခမရ(၄၂၈) တပ်ဂိတ် နှင့် ဖရူဆိုမြို့မ ရဲစခန်းကို ယနေ့မနက်တွင် သွားရောက်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်မှ သေဆုံးထိခိုက်မှုရှိခဲ့ကြောင်း ကရင်နီအမျိုးသားများကာကွယ်ရေးတပ်(KNDF) တပ်ရင်း(၄)က ထုတ်ပြန်သည်။
ယနေ့ ဇွန်လ ၅ရက် မနက် ၁၀နာရီခန့်တွင် စတင်ခဲ့သည့် အဆိုပါ တိုက်ခိုက်မှုကို KNDF တပ်ရင်း(၄)၊ တပ်ရင်း(၈)၊ ကရင်နီတပ်မတော်(KA)၊ ဖရူဆို ပြည်သူ့ကာကွယ်ရေးတပ်(PDF)တို့ပူးပေါင်းဆောင်ရွက်ခဲ့သည်ဟုဖော်ပြသည်။

နာရီဝက်ခန့်ကြာသည့် တိုက်ပွဲအတွင်း ဖရူဆိုမြို့မရဲစခန်းရှိ စစ်ကောင်စီတပ်မှ ၁ဦး သေဆုံးခဲ့သည်ကို အတည်ပြုနိုင်ပြီးခမရ (၄၂၈) ဂိတ်တိုက်ပွဲ၌ စစ်ကောင်စီတပ်မှ အထိနာသော်လည်း ထိ့ခိုက်သေဆုံးမှုရှိ၊မရှိအတည်မပြုနိုင်သေးကြောင်း ဖော်ပြထားသည်။

တိုက်ပွဲအတွင်း ကရင်နီပူးပေါင်းတပ်မှထိခိုက်မှုမရှိပြန်လည်ဆုတ်ခွာနိုင်ခဲ့သည်ဟုထုတ်ပြန်သည်။
ကရင်နီ(ကယား)ပြည်နယ် တွင် လွိုင်ကော်၊ဒီးမော့ဆို ၊ဖရူဆိုနှင့် ဘောလခဲ တို့၌စစ်ကောင်စီ နှင့်ကရင်နီပူးပေါင်းတပ်တို့နေ့စဥ်ထိတွေ့တိုက်ပွဲများစွာဖြစ်ပွားလျက်ရှိသည်။
ဇွန်လ ၂ ရက်က ဖရူဆိုမြို့နယ်၊ထားလဲနှင့် နန်းဖဲ ကျေးရွာတိုက်ပွဲတွင် စစ်ကောင်စီတပ်မှ သေ ဆုံးသူများ ပြားပြီး စစ်ကားနှစ်စီးအပါ အဝင် လက်နက်ခဲယမ်းများ သိမ်းဆည်းရမိကြောင်း KNDF က ထုတ်ပြန်ထားသည်။
