မြန်မာစစ်ကောင်စီ ရဲ့ တိုက်လေယာဉ်မှူးတွေကို သင်တန်းပေးဖို့အတွက် ပါကစ္စတန်လေတပ်က နည်းပညာရှင် ၁၅ ဦးပါဝင်တဲ့အဖွဲ့ဟာ မကြာခင်မှာ မြန်မာနိုင်ငံကို လာရောက်ဖို့ရှိတယ်လို့ အိန္ဒိယအခြေစိုက် The Economic Times က ဖော်ပြပါတယ်။
အဲဒီပါကစ္စတန်လေတပ်က နည်းပညာရှင်အဖွဲ့ဟာ JF − 17 တိုက်လေယာဉ်တွေမောင်းနှင်တာနဲ့ပတ်သက်ပြီး မိတ္ထီလာလေတပ်ကို သွားရောက်သင်တန်းပို့ချမှာပါ။
အဲဒီနောက် မင်္ဂလာဒုံလေတပ်စခန်းကိုလည်းသွားရောက်ဖို့ရှိပြီး JF 17 လေယာဉ်တွေကို ပြုပြင်ရာမှာ ကြုံတွေ့ရတဲ့အခက်အခဲတွေအတွက် စစ်ကောင်စီလေတပ်ကိုကူညီဖို့ရှိနေပါတယ်။
JF -17 တိုက်လေယာဉ်ဟာ တရုတ်နဲ့ပါကစ္စတန် ပူးပေါင်းထုတ်လုပ်တဲ့အပေါ့စားတိုက်ခိုက်ရေးလေယာဉ်ဖြစ်ပြီး မြန်မာစစ်တပ်ဟာ ၂၀၁၅ ခုနှစ်က ပထမဆုံး ဝယ်ယူခဲ့ပါတယ်။
၂၀၂၁ခုနှစ်မှာ စစ်တပ်အာဏာသိမ်းပြီးနောက် အရပ်သားပြည်သူတွေကို ပစ်သတ်တာ ၊ လေကြောင်းကနေ တိုက်ခိုက်တာတွေရှိခဲ့ပြီး မြန်မာစစ်တပ်ကို လက်နက်မရောင်းချဖို့ အမေရိကန်အပါအဝင် ဥရောပနိုင်ငံတွေက တိုက်တွန်းတာတွေရှိခဲ့ပါတယ်။
ဒါပေမယ့် ပြီးခဲ့တဲ့ မေလအတွင်း ပါကစ္စတန်လေတပ်ကုန်တင်လေယာဉ်တစ်စီးဟာ JF- 17 တိုက်လေယာဉ်အစိတ်အပိုင်းတွေကို စစ်ကောင်စီလေတပ်အတွက်ပေးပို့ဖူးပါတယ်။
