စစ်ကောင်စီရဲ့ ရုရှားပြန်ဗိုလ်ကြီးအဆင့် တစ်ဦးအပါအဝင် တပ်ဖွဲ့ဝင်နှစ်ဦးကို ပြန်မလွှတ်ရင် ဒေသခံပြည်သူတွေနေထိုင်တဲ့ ကျေးရွာနှစ်ရွာကို လက်နက်ကြီးတွေနဲ့ ပစ်ခတ်ဖျက်ဆီးမယ်လို့ စစ်ကောင်စီက ခြိမ်းခြောက်ခဲ့ကြောင်း ကေအဲန်ယူက သတင်းထုတ်ပြန်ပါတယ်။
ပြီးခဲ့တဲ့ ဇွန်လ ၁ ရက် ညနေ ၅ နာရီခွဲအချိန်ခန့်က ကေအဲန်ယူ-သထုံမြို့နယ် ဝီယော်စခန်းက စစ်ကောင်စီလက်အောက်ခံ ခရမ(၉)က ဗိုလ်ကြီးကျော်ဇင်ထက်နဲ့ တပ်ကြပ်ကြီးနိုင်ဦးတို့ နှစ်ဦးဟာ ထုံးဘိုကြီးကျေးရွာထဲကို ဆိုင်ကယ်နဲ့လာရောက်သတင်းထောက်လှမ်းနေစဉ် KNLA တပ်မဟာ ၁ ပူးပေါင်းတပ်ဖွဲ့က ဖမ်းဆီးထိန်းသိမ်းထားခဲ့တာပါ။

အဆိုပါ စစ်ကောင်စီရဲ့ ခမရ (၉) စခန်းက တပ်ဖွဲ့ဝင်နှစ်ဦးကို ပြန်မလွှတ်ပေးပါက ကေအဲန်ယူ-သထုံမြို့နယ်အတွင်းရှိ ထုံးဘိုကြီးနဲ့ ထုံးဘိုလေးကျေးရွနှစ်ရွာကို လ်ကန်ကကြီးတွေနဲ့ ပစ်ခတ်ဖျက်ဆီးမယ်လို့ ခမရ(၉)တပ်ရင်းမှူးက ရွာလူကြီးကနေတစ်ဆင့် ခြိမ်းခြောက်ပြောဆိုခဲ့ကြောင်း ကေအဲန်ယူက ဆိုပါတယ်။
ဇွန် ၂ ရက်နေ့ မနက် ၅ နာရီခွဲအချိန်ခန့်က ပိန္နဲတော၊ လေးကေ၊ ဝင်းတာပန်ကျေးရွာမှာရှိတဲ့ စစ်ကောင်စီရဲ့စခန်းတွေဆီကို ရိက္ခာပို့ဖို့ရောက်လာတဲ့ စစ်ကောင်စီတပ်ဖွဲ့နဲ့ နယ်မြေခံ KNLA တပ်မဟာ ၁ တပ်ဖွဲ့တို့အကြား ဝီယော်ကျေးရွာအနီးမှာ တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်ကောင်စီဘက်က ခြောက်ဦးသေဆုံးကာ ငါးဦးဒဏ်ရာရရှိခဲ့တယ်လို့ ကေအဲန်ယူက ထုတ်ပြန်ထားတာပါ။


အဲ့ဒီနောက် အဆိုပါတပ်ဖွဲ့တွေဟာ ခမရ(၉)စခန်းကို ပြန်လည်ဆုတ်ခွားသွားပြီး အဲ့ဒီစခန်းကနေတစ်ဆင့် ထုံးဘိုလေးနဲ့ ထုံးဘိုကြီးကျေးရွာဘက်ကို လက်နက်ကြီးအချက်(၅၀)ကျော် ဆက်တိုက်ပစ်ခတ်ခဲ့လို့ ကျေးရွာအတွင်းက အသက်ကြီးပိုင်းအမျိုးသားတစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး နေအိမ်နှစ်လုံးပျက်စီးသွားခဲ့သလို အိမ်မွေးဝက်တစ်ကောင်လည်း သေဆုံးသွားခဲ့တာလို့ ကေအဲန်ယူက ဆိုပါတယ်။
စစ်ကောင်စီရဲ့လက်နက်ကြီးပစ်ခတ်မှုဟာ ဒီကနေ့ ဇွန် ၄ ရက်နေ့အထိ ပစ်ခတ်နေတုန်းပဲလို့ ဒေသခံတစ်ဦးက ပြောပါတယ်။
ဒီလို စစ်ကောင်စီရဲ့ ခမရ(၉)စခန်းကနေ ထုံးဘိုလေး၊ ထုံးဘိုကြီးကျေးရွာဘက်ကို လက်နက်ကြီးတွေနဲ့ အဆက်မပြတ်ပစ်ခတ်နေတာတွေကြောင့် ဒေသခံရွာသူရွာသားတွေဟာ ဘေးလွတ်ရာကို ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ ကေအဲန်ယူရဲ့ထုတ်ပြန်ထားချက်အရ သိရပါတယ်။
