ကနီမြို့နယ်တွင် စစ်ကြောင်းထိုးနေသော စစ်ကောင်စီတပ်က ပြည်သူခုနစ်ဦးကို လူသားဒိုင်းအဖြစ်အသုံးပြုပြီး လေးဦးကို သတ်ဖြတ်ထားခဲ့ကြောင်း KLG-PDF (ကျောက်လုံးကြီး)ထံမှ သတင်းရရှိသည်။
လူသားဒိုင်းအဖြစ် ဖမ်းဆီးခေါ်ဆောင်ခြင်း ခံရသူခုနစ်ဦးအနက် ကိုအဲဖြိုး(အသက်စုံစမ်းစဲ)၊ ဦးခင်မောင်တင့် (၃၉)နှစ်၊ ဦးဇော် (၄၅)၊ ကိုပု (၂၅)နှစ်တို့၏ ရုပ်အလောင်းများကို ယနေ့(ဇွန် ၄)တွင် တဇယ်ချောင်ကျေးရွာအနီးတွင် ရှာဖွေတွေ့ရှိခဲ့သည်။

သေဆုံးသွားသူများမှာ လက်နောက်ပြန်ကြိုးတုပ်သည့်ပုံစံဖြင့် ပစ်သတ်ခံထားရခြင်းဖြစ်ပြီး ရုပ်အလောင်းများမှာ ပုပ်ပွနေပြီဖြစ်ကြောင်း KLG-PDF(ကျောက်လုံးကြီး)မှ ရဲဘော်တစ်ဦးက ပြောသည်။
“လောလောဆယ် လေးဦးရဲ့ ရုပ်အလောင်းတွေပဲ ရှာတွေ့သေးတယ်။ ကျန်တဲ့သုံးဦးကို ဘယ် ကိုဖမ်းခေါ်သွားတယ်ဆိုတာ စုံစမ်းလို့မရသေးဘူး။ အဖမ်းခံရတဲ့သူအားလုံးက အမျိုးသားတွေကြီးပဲ”ဟု ၎င်းက ဆက်ပြောသည်။


ယနေ့နံနက်ပိုင်းတွင်လည်း အကြမ်းဖက်စစ်ကောင်စီတပ်စစ်ကြောင်းတစ်ကြောင်းနှင့် ဒေသကာကွယ်ရေးပူးပေါင်းတပ်များကြား ချင်း တွင်းမြစ်အနောက်ဘက်ရှိ မုဋ္ဌောရွာအနီးတွင် ထိတွေ့တိုက်ပွဲဖြစ်ပွားလျက်ရှိသည်။
အကြမ်းဖက်စစ်ကောင်စီတပ်များမှာ ယမန်နေ့(ဇွန် ၃)ကတည်းက မုဋ္ဌောရွာတွင် ဝင်ရောက်သောင်းကျန်းပြီး နေအိမ် ၁၃ လုံးကို မီးရှို့ဖျက်ဆီးခဲ့သည်။
