မန္တလေးတိုင်းထဲမှာ အမျိုးသားညီညွတ်ရေးအစိုးရ ( NUG ) နွေဦးတော်လှန်ရေးကာလအတွင်း ဖွင့်လှစ်ထားတဲ့ ဖက်ဒရယ်စာသင်ကျောင်း ၈ ကျောင်းအထိ ရှိလာပြီလို့ မန္တလေးတိုင်းလွှတ်တော်ကိုယ်စားပြုကော်မတီက ထုတ်ပြန်ပါတယ်။
ဒီကျောင်းတွေဟာ အွန်လိုင်းအခြေပြုကျောင်းတွေဖြစ်ပြီးတော်လှန်ရေးကာလအတွင်း ကလေးငယ်တွေ ပညာရေး လက်လှမ်းမီနိုင်ဖို့ရည်ရွယ်တယ်လို့သိရပါတယ်။
မန္တလေးတိုင်းအတွင်းက ကျောင်းတွေကတော့ Kaung For You Federal Private School၊ Mandalay Federal School၊ Federal School of Aung Myay Tharsan၊ Mahar Aung Myay Federal School၊ Chan Mya Tharsi Federal School၊ Mogoke Federal School၊ Madaya Federal School၊ Kyaukpadaung Federal School တို့ဖြစ်ပါတယ်။
ဒီကျောင်းတွေဟာ NUG ပညာရေးဌာနဲ့ချိတ်ဆက်ထားတာဖြစ်ပါတယ်။ အဲဒီထဲက Kaung For You Federal Private School ဆိုရင် ကျောင်းအပ်စတင်လက်ခံတဲ့ နာရီပိုင်းအတွင်း ကျောင်းသားသိန်းကျော်အထိ အွန်လိုင်းကနေ အပ်နှံတာတွေရှိခဲ့ပါတယ်။
အာဏာသိမ်းစစ်တပ်ကို ဆန့်ကျင်တဲ့အနေနဲ့ ကျောင်းသားမိဘတွေဟာ ၂၀၂၁ခုနှစ် ကျောင်းဖွင့်ရာသီမှာ ကျောင်းအပ်နှံတာတွေ မလုပ်ခဲ့ကြပါဘူး ။ ဒါပေမယ့်ဒီနှစ်မှာတော့ အခြေခံပညာကျောင်းတွေမှာ ပြန်လည်ကျောင်းအပ်တာတွေရှိလာပါတယ်။
ဒီနှစ်ပညာသင်နှစ်အတွက် ကျောင်းသား ၅၆ သိန်းကျော် လာရောက်အပ်နှံတယ်လို့စစ်ကောင်စီက ထုတ်ပြန်ထားပါတယ်။
ဒါပေမယ့် နယ်မြေမတည်ငြိမ်မှု၊ နေရပ်စွန့်ခွာ တိမ်းရှောင်ရတာတွေ ၊ အင်တာနက် ပိတ်ဆို့ထားတာ ၊ လုံခြုံရေးအခြေအနေတွေကြောင့် ပညာရေးနဲ့လက်လှမ်းမမီတဲ့အခြေအနေတွေ လည်း ရှိနေပါတယ်။
ဒီလိုတော်လှန်ရေးကာလအတွင်း ကလေးငယ်အားလုံးပညာသင်ကြားခွင့် လက်လှမ်းမီနိုင်ဖို့ ထည့်သွင်းစဉ်းစားရမယ်လို့ နွေဦးဆရာအတတ်သင်တက္ကသိုလ်အဓိပတိ ဒေါက်တာသိန်းလွင်ကပြောထားပါတယ်။
