ဝီယော်ကျေးရွာအနီးတိုက်ပွဲ စစ်ကောင်စီတပ် ခြောက်ဦးသေ
ကရင်အမျိုးသားအစည်းအရုံး(KNU) သထုံမြို့နယ်အတွင်း၌ KNUက ဖမ်းမိထားသည့် စစ်ကောင် စီတပ်ဖွဲ့ဝင် နှစ်ဦးကို ပြန်လွှတ်မပေးပါက အနီးရှိ ကျေးရွာနှစ်ရွာကို လက်နက်ကြီးဖြင့် ပစ်ခတ်ဖြတ်ဆီးမည်ဟု ခမရ (၉)တပ်ရင်းမှူးက ခြမ်းခြောက်လာကြောင်း KNUက သတင်းထုတ်ပြန် သည်။
ဇွန်လ ၁ ရက် ညနေ ၅ နာရီခွဲခန့်တွင် အာဏာသိမ်းစစ်ကောင်စီ လက်အောက်ခံ ခမရ အမှတ် (၉) ဝီယော်စခန်းမှ ဗိုလ်ကြီးကျော်ဇင်ထက်နှင့် တပ်ကြပ်ကြီးနိုင်ဦးတို့ကို ထုံးဘိုကြီးကျေးရွာအတွင်းသို့ ဆိုင်ကယ်ဖြင့် လာရောက် သတင်းထောက်လှမ်းနေစဉ် KNU၏ ကရင့်အမျိုးသား လွတ်မြောက်ရေးတပ်မတော်(KNLA)နှင့်ပူးပေါင်းတပ်ဖွဲ့များမှ ဖမ်းဆီးထိန်းသိမ်းထားခဲ့သည်။

ယင်းနှင့်ပတ်သက်ပြီး ဖမ်းထားသည့် စစ်ကောင်စီတပ်ဖွဲ့ဝင် နှစ်ဦးကို ပြန်လွှတ်မပေးပါက သထုံမြို့နယ်အတွင်းရှိ ထုံးဘိုကြီးနှင့် ထုံးဘိုလေးကျေးရွာ နှစ်ရွာအား လက်နက်ကြီးများဖြင့် ပစ်ခတ်ဖျတ်ဆီးပစ်မည်ဟု ခမရ အမှတ်(၉) တပ်ရင်းမှူးက ရွာလူကြီးမှတစ်ဆင့် ခြိမ်းခြောက်ပြောဆိုကြောင်း KNUက ယနေ့ ထုတ်ပြန်သည်။

ဇွန်လ ၂ရက်ကလည်း ပိန္နဲတော၊ လေးကေ၊ ဝင်းတာပန်တို့ရှိ စစ်ကောင်စီစခန်းများသို့ ရိက္ခာပို့ရန်လာသောစစ်ကောင်စီ တပ်ဖွဲ့များနှင့် နယ်မြေခံ KNLAတပ်ဖွဲ့တို့ ဝီယော်ကျေးရွာအနီးတိုက်ပွဲဖြစ်ပွားခဲ့ရာ စစ်ကောင်စီတပ်မှ ခြောက်ဦးသေကာ ငါးဦးဒဏ်ရာရရှိခဲ့ကြောင်း၊ စစ်ကောင်စီတပ်များ ပြန်လည်ဆုတ်ခွာသွားကြောင်း ဖော်ပြသည်။

ထို့နောက် ခမရ အမှတ်(၉) စခန်းမှ ထုံးဘိုလေးနှင့် ထုံးဘိုကြီးကျေးရွာဖက်သို့ လက်နက်ကြီးအချက် (၅၀)ကျော် ဆက်တိုက်ပစ်ခတ်ခဲ့ရာ (၇၀)အရွယ် အမျိုးသားတစ်ဦး ထိခိုက်ဒဏ်ရာရခဲ့ပြီး လူနေအိမ် နှစ်လုံး ပျက်စီးကာ အိမ်မွေးဝက် တစ်ကောင်သဆေုံးခဲ့သည်ဟု ဆိုသည်။
“ဇွန်လ (၂)ရက်နေ့ကစပြီး ခမရအမှတ် (၉) ဝီယော်စခန်းမှာ လက်နက်ကြီး (၅) လတ်လောက် တစ်ပြိုင်ထဲပစ်တာ တစ်ရက်ကို အချက် (၅၀)ကျော်မယ် ဒီနေ့ ဇွန်လ (၄) ရက်နေ့ထိပဲ၊ အခုလည်း ပစ်နေတုန်းပဲ”ဟု ဒေသခံ၏ ပြောကြားချက်ကို KNUက ထုတ်ပြန်သည်။
ထိုသို့ လက်နက်ကြီးများဖြင့် ပစ်ခတ်၍ ထုံးဘိုလေးကျေးရွာနှင့် ထုံးဘိုကြီးကျေးရွာ ဒေသခံ ရွာသူရွာသားများ ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်နေရကြောင်း ဓာတ်ပုံများနှင့်တကွ ဖော်ပြသည်။
