▪️ကျပ်သိန်း ၁၀၀ ဂုဏ်ပြုချီးမြှင့်
မကွေးတိုင်း၊ ကမ္မမြို့နယ် ကျက်ထိုးနယ်မြေ ရဲကင်း စခန်းမှ ရဲတပ်သားတစ်ဦး လက်နက်ခဲယမ်းအပြည့်အစုံဖြင့် CDM ပြုလုပ်လာကြောင်း မြိုင်မြို့နယ် ကျေးရွာများတော်လှန်ရေးတပ်ဦး – MVRFက ယနေ့(ဇွန် ၄ ရက်) ထုတ်ပြန်သည်။

ကျက်ထိုး ရဲကင်းစခန်းတွင် တာဝန်ထမ်းဆောင်နေသော ရဲတပ်သားကိုဖြိုးမင်းအောင် ကိုယ်ပိုင်အမှတ် လ -၂၇၇၃၁၇သည် ပြည်သူ့ဘက်သို့ ယူဆောင်လာသော ပစ္စည်းများမှာ G3 အမျိုးအစားသေနတ် ၁ လက်၊ကျည်ဘောက် ၂ ခု၊ ကျည် ၁၀၉တောင့် တိတိပါရှိသည်ဟု ဆိုသည်။
ပြည်သူ့ရင်ခွင်သို့ လက်နက်ခဲယမ်း အပြည့်အစုံဖြင့် ခိုလှုံလာသော ပြည်သူ့ ရဲတပ်သားကိုဖြိုးမင်းအောင်ကို MVRFက ကျပ် သိန်းတစ်ရာတိတိ ဂုဏ်ပြုချီးမြှင့်ခဲ့ကြောင်း ထုတ်ပြန်ချက်၌ ဖော်ပြသည်။

အကြမ်းဖက်စစ်ကောင်စီတပ်က အာဏာသိမ်းပြီးနောက်ပိုင်း ဆက်လက်တာဝန် မထမ်းဆောင်လိုသည့်အတွက် CDM ပြုလုပ်လာသည့် ရဲ နှင့်စစ်သား တပ်ဖွဲ့ဝင် ၁၀,၀၀၀ ကျော်ရှိကြောင်း ပြည်သူ့ရင်ခွင်အဖွဲ့က ထုတ်ပြန်ထားသည်။
