ကပ္ပလီပင်လယ်ပြင်မှလေဖိအားနည်းရပ်ဝန်းသည် ဆိုင်ကလုန်းမုန်တိုင်းဖြစ်လာနိုင်ပြီး ဘင်္ဂလားဒေ့ရှ်နှင့် မြန်မာနိုင်ငံကြားကမ်းခြေကို ဖြတ်ကျော်ဝင်ရောက်နိုင်ကြောင်းအမျိုးသားညီညွတ်ရေးအစိုးရ(NUG)က သတင်းထုတ်ပြန်ထားသည်။
လက်ရှိတွင် ကပ္ပလီပင်လယ်ပြင်တောင်ပိုင်း၌ ဖြစ်ပေါ်နေပြီး ဘင်္ဂလား ပင်လယ်အော်သို့ ရောက်ရှိလာသည့် လေဖိအားနည်းရပ်ဝန်းနှင့်ပတ်သက်၍ အမျိုးသားညီညွတ်ရေးအစိုးရ၏လူသားချင်းစာနာထောက်ထားရေးနှင့် ဘေးအန္တရာယ်စီမံခန့်ခွဲမှုဆိုင်ရာဝန်ကြီးဌာနက ယနေ့(မေ ၇ရက်)တွင် သတင်းထုတ်ပြန်ခြင်းဖြစ်သည်။
လေဖိအားနည်းရပ်ဝန်းသည် ယနေ့ညပိုင်းတွင် မုန်တိုင်းငယ်ဖြစ်လာနိူင်ကာမေလ၈ရက်တွင်ဆိုင်ကလုန်း မုန်တိုင်းအဆင့်သို့ ရောက်ရှိလာနိုင်သည်ဟုလည်း ခန့်မှန်ထားသည်။
ဆိုင်ကလုန်မုန်တိုင်းအရှိန်ကြောင့်မေလ ၈ရက်နေ့မှ ၁၅ရက်နေ့အတွင်း မြန်မာကမ်းရိုးတန်း တစ်လျှောက်နှင့် ကမ်းလွန် ပင်လယ်ပြင်တွင် လေတိုက်နှုန်း တစ်နာရီ ၃၅မိုင်မှ ၄၅ မိုင်ခန့် အထိ တိုက်ခတ်နိုင်ကြောင်းနှင့် လှိုင်း အမြင့် ၈ ပေမှ ပေ ခန့်အထိရောက်ရှိနိုင်သည်ဟုသတိပေး ထားသည်။

ယနေ့ တိုင်းတာချက်များအရ မုန်တိုင်းလမ်းကြောင်းသည် အိန္ဒိယနိုင်ငံ၊ သြရိဿကမ်းခြေသို့ ဦးတည်နေသော်လည်း နောက်ရက်အနည်းငယ်တွင် ဘဂ်လားဒေ့ရှ်နှင့် မြန်မာနိုင်ငံကြားကမ်းခြေကို စစ်တကောင်းမြို့အနီးမှ ဖြတ်ကျော် နိုင်ကြောင်း ခန့်မှန်းထုတ်ပြန်ထားသည်။
ဘင်္ဂလားပင်လယ်အော်နှင့်တောင်တရုတ်ပင်လယ်တို့တွင် ဖြစ်ပေါ်လာသည့် မုန်တိုင်းများနှင့်ပတ်သက်၍ သတိပေး
ချက်များ ထုတ်ပြန်ပေးနေသော အိန္ဒိယနိုင်ငံအခြေစိုက် Regional Specialized Meteorological Center, New Delhi – RSMCကလည်းမေလ ၈ရက် နံနက်တွင် အားကောင်းသောမုန်တိုင်းငယ်အဆင့်ဖြစ်လာပြီး ညနေပိုင်းတွင် ဆိုင်ကလုန်းမုန်တိုင်း အဆင့်သို့အားကောင်းနိုင်ကာမေလ ၁၀ရက်တွင် အိန္ဒိယနိုင်ငံ အရှေ့ဘက်ကမ်းခြေကို ဦးတည်ရွေ့လျားနိုင်သည်ဟုခန့်မှန်းထားသည်။
ယနေ့ညတွင် ဧရာဝတီ၊ပဲခူးနှင့် ရန်ကုန်တိုင်းဒေသအချို့တွင် မိုးအနည်းငယ်ရွာသွန်းနေပြီးတခါတရံလေပြင်းတိုက်ခတ်နေသည်ဟု ဒေသခံများကပြောသည်။
မုန်တိုင်းသတင်းကို ဆက်လက်ထပ်မံထုတ်ပြန်ပေးသွားမည်ဟုလည်း အမျိုးသားညီညွတ်ရေးအစိုးရ၊လူသားချင်းစာနာထောက်ထားရေးနှင့် ဘေးအန္တရာယ်စီမံခန့်ခွဲမှု ဆိုင်ရာ ဝန်ကြီးဌာနကအသိပေးထားသည်။
