ရန်ကုန်မြို့တွင်းဆိုင်အများစုတွင် စက်သုံးဆီပြတ်လပ်နေပြီး အောက်တိန်း ၉၅ တစ်လီကို ၂၄၀၀ကျပ်အထိဈေးမြင့်တက်လာကြောင်း ရန်ကုန်မြို့ခံများထံမှ သိရသည်။
စက်သုံးဆီများ ဈေးမြင့်တက်လာသော်လည်းဆီဆိုင်အများစုမှာ ဆီပြတ်လပ်နေ၍ ရောင်းချနိုင်ခြင်းမရှိတော့ကြောင်း အငှားယာဉ်မောင်းတစ်ဦးကပြောသည်။
“မနက်(မေ ၃၁ နံနက်)ကဆီဖြည့်ဖို့ဆီဆိုင် ၅ ဆိုင်လောက် လိုက်ရှာလိုက်ရတယ်။ ၅ဆိုင်လုံးဆီလေးမျိုးလုံးမရှိတော့ဘူး၊ အခုက ဈေးကြီးတာအပြင် ဝယ်ရဖို့တောင်ခက်လာပြီ”ဟု အငှားယာဉ်မောင်းတစ်ဦးကပြောသည်။
မေ ၃၁ ရက်တွင် စစ်ကောင်စီက စက်သုံးဆီဆိုင်များကို အောက်တိန်း ၉၂ တစ်လီတာလျှင် ၂၂၂၅ ကျပ်၊ အောက်တိန်း ၉၅ တစ်လီတာလျှင် ၂၃၄၀ကျပ်၊ ဒီဇယ် ပရီမီယံတစ်လီတာလျှင် ၂၃၅၅ ကျပ်သတ်မှတ်ပြီး ရောင်းချခိုင်းထားသည်။
သို့သော်လည်း သတ်မှတ်ဈေးနှုန်းအတိုင်း ဈေးကွက်တွင် ဝယ်ယူရန်ခက်ခဲပြီး မှောင်ခိုဈေးကွက်တွင် အောက်တိန်း ၉၅ တစ်လီတာကျပ် ၂၄၀၀ အထက်ဈေးပေါက်ကြောင်း
ယာဥ်မောင်းအချို့ကပြောသည်။မန္တလေးမြို့တွင်လည်းစက်သုံးဆီပြတ်လပ်နေပြီး အောက်တိန်းတစ်လီတာကိုကျပ် ၃၀၀၀ မှ ၃၅၀၀ ကျပ်အထိမြင့်တက်နေသည်ဟု မြို့ခံအချို့ကပြောသည်။
လက်ရှိတွင် စက်သုံးဆီတင်သွင်းခွင့်ရထားသည့် ဆီဆိုင်အချို့မှ အပ ဆီဆိုင်အများစုတွင်စက်သုံးဆီပြတ်လပ်နေသည်ဟု ရန်ကုန်နှင့် မန္တလေးမြို့ခံများကပြောသည်။
“ဆီစျေးတက်လေ ကုန်စျေးနှုန်းတွေကလည်းအဆမတန်တွေမြင့် တက်လာလေပါပဲ။ အခုက တော်တော်ကြီးဆိုးရွားလွန်းတဲ့အခြေအနေထိရောက်နေတာကိုဖော်ပြနေတာပါ။
မကြာခင် ဒီထက်ခက်ခဲတဲ့ အခြေအနေတွေရောက်လာတော့မယ်” ဟုကုန်စည်ပို့ဆောင်ရေးလုပ်ငန်းရှင်တစ်ဦးကသူ၏အမြင်ကိုပြောသည်။
စစ်ကောင်စီက ပြည်တွင်းဒေါ်လာ သုံးစွဲမှုကို ထိန်းချုပ်လိုက်ခြင်းကြောင့် ပြည်တွင်းသို့ စက်သုံးဆီတင်သွင်းရန် အခက်
အခဲများဖြစ်နေသည်ဟု စက်သုံးဆီလုပ်ငန်းရှင်တစ်ဦးကပြောသည်။စစ်ကောင်စီကချထားပေးသည့်ဒေါ်လာများမှာလည်းပြည်တွင်းစက်သုံးဆီသုံးဆွဲမှုကို လုံလောက်အောင်
မတင်သွင်းနိုင်ဟု ၎င်းကဆက်ပြောသည်။
သို့သော်လည်း ဆီတင်သွင်းသည့်ကုမ္ပဏီများပိုင်ဆိုင်သည့် စက်သုံးဆီသိုလှောင်ကန်များထဲတွင် စက်သုံးဆီများပမာဏအများအပြားရှိနေပြီး၎င်းတို့ကိုစစ်တပ်ကထိန်းချုပ်ထား
သည်ဟု စက်သုံးဆီလုပ်ငန်းရှင်တစ်ဦးကဆက်ပြောသည်။
ထိုသို့စုဆောင်းထားခြင်းမှာ စစ်တပ်က အရေးပေါ်အခြေနေတွင် ထုတ်ယူသုံးစွဲရန်အတွက်ဖြစ်သည်ဟုလည်းအထက်ပါ လုပ်ငန်းရှင်က သုံးသပ်သည်။
စစ်ကောင်စီက ဒေါ်လာကိုင်ဆောင်မှုကိုထိန်းချုပ်မှုထားခြင်းကြောင့် စက်သုံးဆီ၊ စားသုံးဆီ နှင့် ဆေးဝါးတင်သွင်းမှုတို့ အခက်အခဲများရှိနေပြီး အများစုမှ မသွင်းနိုင်တော့ကြောင်း လုပ်ငန်းရှင်များထံမှ သိရသည်။
