တော်လှန်ရေးရဲဘော်များအနေဖြင့် စစ်ဘက်ဆိုင်ရာကျင့်ဝတ်၊စည်းကမ်းနှင့်လမ်းညွန်ချက်များကို လိုက်နာကြီး လက်နက်ကိုင်တော်လှန်ရေးကြီး အောင်ပွဲရသည်အထိ တိုက်ပွဲဝင်ပေးကြပါရန် အလေးနက်တောင်းဆိုကြောင်းထားဝယ်အကျဥ်းထောင်ထဲရှိ နိုင်ငံရေးအကျဥ်းသားများက တောင်းဆိုလိုက်သည်။
နွေဦးတော်လှန်ရေးကြီး၏အဓိကအနှစ်သာရသည် ဖက်ဒရယ်ဒီမိုကရေစီ လူ့ဘောင်သစ်နိုင်ငံတော်ကို ရည်ရွယ်တည်ထောင်ကြရန်ဖြစ်သည်ဟုလည်းစာတွင်ဖော်ပြထားသည်။

စစ်ကောင်စီလက်ပါးစေ အဖွဲ့အစည်းများသည် နွေဦးတော်လှန်ရေးတွင် ဦးဆောင်ပါဝင်နေကြသူများ၏ မိသားစုများကို အသက်အန္တရာယ်ခြိမ်းခြောက် အကျပ်ကိုက်လျှက်ရှိသည်ဟု ထားဝယ်အကျဥ်းထောင်ထဲရှိ နိုင်ငံရေးအကျဥ်းသားများ၏စာတွင်ပါရှိသည်။
PDFခေါင်းဆောင် တစ်ဦးဖြစ်သည့် ကိုအောင်နိုင်၏ မိခင် ဒေါ်ညွန့်လှိုင်ကို စစ်ကောင်စီလက်ပါးစေများက အများပြည်သူရှေ့လူမြင်ကွင်းတွင်ပင် မေ ၂၄ ရက် အကြမ်းဖက်သတ်ဖြတ်ခဲ့သည်ကိုလည်း ထိန့်လန့်ဝမ်းနည်းကြေကွဲရသည်ဟု ၎င်းတို့ကဆိုထားသည်။
ထိုသို့ အကြမ်းဖက်တိုက်ခိုက်မှုများအပါအဝင် မည်သို့သောအကြမ်းဖက်တိုက်ခိုက်မှုမျိုးကို မဆိုပြင်းပြင်းထန်ထန်ဆန့်ကျင် ကန့်ကွက်ရှုံ့ချသည်ဟု ထားဝယ်အကျဥ်းထောင်ထဲရှိ နိုင်ငံရေးအကျဥ်းသားများက ၎င်းတို့၏ သဘောထားကိုဖော်ပြထားသည်။
ထားဝယ်ထောင်တွင် နိုင်ငံရေးအကျဥ်းသား ၁၅၈ ဦးရှိပြီး အာဏာသိမ်းစစ်ကောင်စီကို ဆန့်ကျင်တော်လှန်သောကြောင့်ဖမ်းဆီးခံထားရခြင်းဖြစ်သည်။
