အကြမ်းဖက်စစ်ကောင်စီများ အခိုင်အမာတပ်စွဲထားသည့် လှိုင်သာယာမြို့နယ်ရှိ တပ်မတော်အထည်ချုပ်စက်ရုံကို ပဒေသာမိုင်းဖြင့်တိုက်ခိုက်ခဲ့ကြောင်း Hlaing Thar Yar Region Defense Force(HRDF)က အသိပေးထားသည်။
မေလ ၃၁ရက် နံနက် ၅နာရီ ၂၅မိနစ်တွင် ယင်းတိုက်ခိုက်မှုကို ပြုလုပ်ခဲ့ခြင်းဖြစ်ပြီး စစ်ကောင်စီဘက်မှအထိအခိုက်ကို မသိရသေးကြောင်း HRDFက ဆိုသည်။
စစ်ကောင်စီဘက်မှ ပြန်လည်ပစ်ခတ်မှုများရှိသော်လည်း HRDF အဖွဲ့သားအားလုံးဘေးကင်းစွာ ဆုတ်ခွာလာနိုင်ခဲ့ကြောင်း သတင်းထုတ်ပြန်ထားသည်။
ယင်းတိုက်ခိုက်မှုသည် ရန်ကုန်မြို့ပြပြောက်ကျား ရဲဘော်များကို မတရားဖမ်းဆီးသတ်ဖြတ်နေသည့် အကြမ်းဖက်စစ်ကောင်စီအား စတင်လက်တုန့်ပြန်ခြင်းဖြစ်ပြီး ဆက်လက်၍ ဒေသခံမိတ်ဖက်တော်လှန် ရေးအင်အားစုများဖြင့်ပူးပေါင်းကာ ပိုမိုပြင်းထန်သော တိုက်ခိုက်မှုများပြုလုပ်မည်ဟု HRDFက အသိပေးထားသည်။
